ဖျာပုံမြို့နယ် စာရေးဆရာအသင်း အသစ်ပြန်လည် ရွေးချယ်တင်မြှောက်

ဖျာပုံ ၂၇ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း အသစ်ပြန်လည် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ဆရာဇော်ဂျီ ရာပြည့်စာကြည့်တိုက် တိုးချဲ့ဆောင်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါ ရွေးချယ်တင်မြှောက်ခြင်း ပြုလုပ်ရာတွင် ရွေးချယ်တင်မြှောက်ပွဲကော်မရှင်အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး စောနေနိုင်ထွန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာလွင်နှင့် ဖျာပုံမြို့နယ် စာရေးဆရာအသင်း နာယက ဦးမြင့်နိုင်(မောင်ဇမ္ဗူ-ဖျာပုံ)တို့က မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်တို့အား စာရေးဆရာအသင်းဗဟိုမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်တင်မြှောက်ကြသည်။

 

အဆိုပါရွေးချယ်ပွဲတွင် စာရေးဆရာ ဇေယျာဘုန်းမြင့်က ဥက္ကဋ္ဌ၊ စာရေးဆရာ လင်းသစ် အတွင်းရေးမှူး၊ စာရေးဆရာ ဖျာပုံတင်နိုင်ဝင်း ဘဏ္ဍာရေးမှူး၊ စာရေးဆရာ တင့်ဝေအောင်နှင့် စာရေးဆရာ မောင်ပိုမိုတို့သည် အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြပြီး ဗဟိုညီလာခံ ကိုယ်စားလှယ်အဖြစ် စာရေးဆရာ ဇေယျာဘုန်းမြင့်အား ရွေးချယ်တင်မြှောက်ကြကြောင်း သိရှိရသည်။

 

အောင်ဝင်းနိုင် (ခရိုင် ပြန်/ဆက်)