ဖျာပုံမြို့၌ သောက်ရေပြတ်လပ်မှုမရှိစေရေး သောက်ရေများလိုက်လံဖြန့်ဝေပေး

ဖျာပုံ မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များပူးပေါင်း၍ မြို့နယ်အတွင်း သောက်ရေပြတ်လပ်မှု မရှိစေရေး သောက်ရေများ လိုက်လံဖြန့်ဝေပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းမှစတင်၍ ဖျာပုံမြို့နယ်အတွင်းရှိ သောက်ရေလိုအပ်လျက်ရှိသော ရပ်ကွက်/ကျေးရွာများသို့ လိုက်လံဖြန့်ဝေပေးကြသည်။

ထိုသို့ လိုက်လံဖြန့်ဝေပေးရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပဲ့တင်သံပရဟိတအသင်းမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ်ဦးစီးဌာနပိုင် ရေသယ်ယာဉ် (၂)စီးဖြင့် သောက်ရေ လိုအပ်လျက်ရှိသော အမှတ်(၁၄)ရပ်ကွက်၊ အမှတ် (၁၅)ရပ်ကွက်နှင့် အမှတ် (၁၉)ရပ်ကွက်ရှိ ပြည်သူများအား သောက်ရေပြတ်လပ်မှု မရှိစေရေး သောက်ရေများကို တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံဖြန့်ဝေပေးကြသည်။ သောက်ရေများ လိုက်လံဖြန့်ဝေပေးခြင်းကို မြို့နယ်အတွင်းရှိ သောက်ရေ လိုအပ်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအား နေ့ရက်အလိုက် ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ဖျာပုံခရိုင်(ပြန်/ဆက်)