ဖာပွန်ဒေသထွက် ဆေးရွက်ကြီးများ စျေးကွက်သို့ ရောင်းချနိုင်ရေး တောင်သူများ မျှော်လင့်

ဖာပွန်၊ ၂၁ ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသထွက်ကုန် တစ်မျိုးဖြစ်သည့် ဆေးရွက်ကြီးများ စျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး တောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

 

ဖာပွန်မြို့ ယွန်းစလင်းချောင်းရှိ မြေနုကျွန်းများပေါ်တွင် ဆေးရွက်ကြီးပင် စတင်စိုက်ပျိုးမည်ဆိုလျှင် ပျိုးပင်အား တစ်လခန့် ပျိုးထောင်ထားရကြောင်း၊ စိုက်ခင်းထဲသို့ ပြောင်းရွေ့စိုက်ပျိုးလျှင် လိုအပ်သည့် အစိုဓာတ်ရအောင် တစ်ပတ် နှစ်ကြိမ်ခန့် ရေလောင်းပေးရကြောင်း၊ ပျိုးပင်များအား ပျိုပေါင်ထဲမှ စိုက်ခင်း ထဲသို့ ပြောင်းရွှေ့စိုက်ပျိုးသည့်အခါ စနစ်တကျပြုစုစိုက်ပျိုးရေကြာင်း၊ အရွက်ခေါင်ညွန့်အား တစ်လခွဲ ခန့်တွင် စတင်ခြွေပေးရပြီး ရွက်ရေ ၁၀ ရွက်ခန့်သာ ထားရကြောင်း၊ သားတက်အညွန့်ကို လိုအပ်သလို ခြွေပေးရကြောင်းနှင့် နှစ်လခွဲခန့်တွင် ဆေးရွက်ကြီးအရွက်အား စတင်ဆွတ်ခူးရပြီး အရွက်ရင့်သည်အထိ ဆွတ်ခူးရကြောင်း ဒေသခံ တောင်သူ ဦးချစ်ထွေးထံမှ သိရသည်။

 

အဆိုပါ ဆေးရွက်ကြီး စိုက်ပျိုးခြင်းလုပ်ငန်းကို မိရိုးဖလာ လုပ်ကိုင်လာခဲ့ရာ ယမန်နှစ်မှစ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ၌ ဆေးရွက်ကြီးစျေးကွက် တည်ငြိမ်နေပြီး ယခုနှစ်တွင် စျေးကွက်သို့ တင်ပို့ရောင်းချ နိုင်ရေး တောင်သူများမျှော်လင့်လျက်ရှိကြောင်း သိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊ စောအောင်မျိုးလွင်(ပြန်/ဆက်)