ဖျားနာကု သီးခြားဆေးခန်း သန်လျင်၌ ဖွင့်လှစ်

ရန်ကုန်   ၄   မေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီသည် မြို့နယ်အတွင်း ရောဂါပိုးပျံနံ့မှုမရှိေစရေးဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ကြောင့် ပြင်ပဆေးခန်းများ ပိတ်ထားရချိန်တွင် သာမန်ဖျားနာလူနာများအား ကုသပေးနိုင်ရန် Fever Clinc ဆေးခန်းကို သန်လျင်အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာန ဆေးကုသဆောင် အနီး၌ မေ ၄ ရက်က စတင်ဖွင့်လှစ် ကုသပေးလျက်ရှိသည်။

 

အဆိုပါဆေးခန်းဖွင့်လှစ် ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ပရဟိတအဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

Fever Clinc ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ သန်လျင်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်က ကိုဗစ်- ၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ဆေးခန်းအား နေ့စဉ်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးပြီး ဖျားနာ၊ ချောင်းဆိုး၊ အာသီးယောင်လူနာများ သီးခြားကုသပေးနှိုင်ရေးအတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း ကျန်းမာရေးအသိရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 

သန်လျင်မြို့နယ်သည် ဝန်ထမ်းအများစုနေထိုင်ရာ မြို့ဖြစ်သည်နှင့်အညီ ပြည်သူများ အလွယ်တကူ ဆေးကုသနှိုင်ရေးအတွက် ယင်း Fever Clinc တွင် လာရောက်ပြသနိုင်ကြောင်း သိရသည်။

သန်းဝင်း (သန်လျင်)