ဖားကန့်၌ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံရသူများအား သီးသန့်ခွဲထားရန် ၁၅ နေရာအထိ ပြင်ဆင်တိုးမြှင့်ထား

ဖားကန့်    ၄     ဧပြီ     

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးနှင့် အချိန်မီကုသမှုများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား ၁၄ ရက် အသွားအလာကန့်သတ်စောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိရာ ယခင် နေရာ()နေရာပြင်ဆင်ထားရာမှ ယခု နေရာ(၁၅)နေရာအထိ တိုးမြှင့် ပြင်ဆင်ထားလိုက်ပြီဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

 

Community Base Facility Quarantine ဖြင့် စောင့်ကြည့်နှင့်သံသယ လူနာများ ထားရှိရန် ယခင်က နေရာ(၇)ခုတွင် လူဦးရေ(၂၃၅)ဦးစာ ပြင်ဆင်ထားခဲ့သော်လည်း ပြည်ပနှင့်နယ်စပ်ဒေသများမှ မြို့နယ်တွင်းဝင်ရောက်လာသူ တစ်နေ့တခြား များပြားလာနေသည့်အတွက် နေရာ(၁၅)ခုတွင် လူဦးရေ (၉၃၉)ဦးစာအတွက် သီးသန့်ခွဲထားနိုင်ရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်ကျန်းမာရေး အထောက်အကူပြုကော်မတီတို့ ညှိနှိုင်းတိုင်ပင်ကာ အသင့်ကြိုတင်ပြင်ဆင်ထားလိုက်ပြီ ဖြစ်သည်။

 

အသင့်ကြိုတင်ပြင်ဆင်ထားသည့်နေရာများအဖြစ် မနကျေးရွာ မူလွန်ကျောင်းတွင် (၆၄) ခုတင်၊ မျောက်ဖြူကျေးရွာ မူလတန်းကျောင်းတွင် (၄၈)ခုတင်၊ မရှီကထောင် အ.လ.ကတွင် (၄၅)ခုတင်၊ အ.ထ.က(ဖားကန့်)တွင် (၁၀၀)ခုတင်၊ မော်ဝမ်း အ.ထ.က(ခွဲ)တွင် (၅၀)ခုတင်၊ သီတဂူစက္ခုဒါနဆေးရုံတွင် (၅၀)ခုတင်၊ နမ္မဖြစ်ကျေးရွာ ဓမ္မပါလဓမ္မာရုံတွင် (၁၄)ခုတင်၊ ဖန်းခါးဆောင်ရိပ်သာတွင် (၁၂၀)ခုတင်၊ အိုးအိမ်ဝန်ထမ်းအိမ်ရာတွင် (၉၆)ခုတင်၊ အ.ထ.က (တာမခံ)တွင် (၁၅၀)ခုတင်၊ အ.ထ.က(ကာမိုင်း)တွင် (၄၈)ခုတင်၊ အ.ထ.က(နန့်ယား)တွင် (၄၀)ခုတင်၊ အ.လ.က(ဂေါ်ရီ)တွင် (၂၀)ခုတင်၊ အ.ထ.က(လဝါး)တွင် (၄၀)ခုတင်နှင့် ဝါရာဇွပ် အ.လ.က(ခွဲ)တွင် (၅၀)ခုတင် စုစုပေါင်း နေရာ ၁၅ ခုတွင် လူဦးရေ(၉၃၉)ဦးအား သီးသန့်ထားရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

မတ်လ ၂၉ ရက်နေ့အထိ ၁၄ ရက် စောင့်ကြည့်ခံရသည့် ပြည်ပမှပြန်လာသူနှင့် နယ်စပ်မှ ပြန်လည်ရောက်ရှိလာသူဦးရေ (၁၇၅)ဦးရှိခဲ့ရာမှ ယနေ့တွင် (၃၁၁) ဦးထိရှိသွားပြီဖြစ်ပြီး (Home Quarantine)ဖြင့် နေအိမ်၌ နေထိုင်သူ (၁၉၈)ဦး၊ (Facility Quarantine)ဖြင့် စာသင်ကျောင်း များတွင် (၁၀၂)ဦးနှင့် ဘာသာရေးအဆောက်အဦးတွင် (၁၀)ဦး၊ မိသားစုနှင့်မနေထိုင်လိုပဲ မိမိသဘောဖြင့် ဖားကန့်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ခံနေသူ()ဦး တို့ဖြစ်သည်။

 

ဖားကန့်မြို့နယ်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါပိုး တွေ့ရှိသူများနှင့် ဆက်စပ်ထိတွေ့ခဲ့ပြီး သံသယဖြင့်စောင့်ကြည့်ရမည့်လူနာ မတွေ့ရှိရသေးကြောင်း COVID-19 စောင့်ကြည့်လူနာများနှင့်ပတ်သက်ပြီး ဖွဲ့စည်းထားသည့် OSS(One Stop Service) ရုံးအခြေစိုက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

တာလင်းမောင်(ပြန်/ဆက်)