ဖားကန့်၌ ကျောက်စိမ်းလုပ်ကွက် မြေကမ်းပါးယံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူငါးဦး ရေကန်အတွင်း ပြုတ်ကျ၊ တစ်ဦးကယ်တင်ရရှိ

ဖားကန့် ၁၄ ဇူလိုင် 

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဗလခကျေးရွာအနီး ကျောက်မျက်တူးဖော်ရေး ရပ်နားထားသည့်လုပ်ကွက်တွင် ဇူလိုင် ၁၃ ရက်က ရေကန်အတွင်း မြေကမ်းပါးယံပြိုကျခဲ့၍ ရေမဆေးကျောက်ရှာဖွေသူငါးဦး ရေကန်အတွင်းပြုတ်ကျခဲ့ပြီး တစ်ဦးကိုသာ ရှာဖွေကယ်ဆယ်နိုင်သေးကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၁၁ နာရီခန့်က ဖားကန့်မြို့နယ်၊ ဗလခကျေးရွာအနီးရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း ရပ်နားထားသည့် ဖြိုးသီဟကုမ္ပဏီလုပ်ကွက်၏ အမြင့်ပေတစ်ရာကျော်ရှိ မြေကမ်းပါးယံမှာ ရေကန်အတွင်းပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာဖွေသူများဖြစ်ကြသည့် နော်ဆန်း (၃၂) နှစ်၊ တန်ဂွမ်း (၂၅) နှစ်၊ တူးရိန် (၂၈) နှစ်၊ တန်ဂွမ်း (၂၄) နှစ်နှင့် ဆငန်တန်ဂွမ်း (၃၀)နှစ်တို့ ငါးဦးမှာ ရေလှိုင်းပုတ်ခတ်မိပြီး ရေကန်အတွင်းပြုတ်ကျခဲ့ရာ နော်ဆန်းတစ်ဦးကိုသာ ရှာဖွေကယ်ဆယ်နိုင်ပြီး ကျန်လေးဦးမှာ ရေကန်အတွင်း ပျောက်ဆုံးနေကြောင်း သိရသည်။

 

မြေကမ်းပါးယံပြိုကျရာနေရာသို့ ဖားကန့်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးမင်းဇော် ဦးစီးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကာ ဒဏ်ရာရရှိသူ နော်ဆန်းကို ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)