ဖားကန့်၌ အမှိုက်သိမ်းယာဉ် ဘရိတ်ပေါက်ပြီး  ကားတစ်စီး၊ လမ်းဘေးဓာတ်တိုင်နှင့် အိမ်တစ်လုံးတို့အား ဆင့်ကဲတိုက်မိမှုဖြစ်

ဖားကန့်  ၂၉  ဧပြီ

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ယနေ့ မွန်းလွဲ ၁ နာရီခန့်က အမှိုက်သိမ်းယာဉ် ဘရိတ်ပေါက်ပြီး ကားတစ်စီး၊ လမ်းဘေးဓာတ်တိုင်နှင့် အိမ်တစ်လုံးတို့အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်၊ မြဝတီဘဏ်ရှေ့ လမ်းကုန်းအဆင်းတွင် စည်ပင်အမှိုက်သိမ်းယာဉ်တစ်စီး ဘရိတ်ပေါက်ကာ မဏိဇေယျုံ ဘုန်းကြီးကျောင်း ရှေ့လမ်းအတိုင်း မောင်းနှင်လာသော ပရာဒို မော်တော်ယာဉ်တစ်စီးအား ဝင်တိုက်ပြီးနောက် လမ်းဘေး ဓာတ်တိုင်နှင့် လမ်းဆုံတည့်တည့်ရှိ နေအိမ်တစ်လုံးတို့အား ဆင့်ကဲတိုက်မိခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်မိခဲ့သည့် စည်ပင်အမှိုက်သိမ်းယာဉ် ယာဉ်မောင်းအား မြစ်ကြီးနားဆေးရုံကြီးသို့ လွှဲပြောင်းကုသပေးလျက်ရှိကာ သန့်ရှင်းရေးလုပ်သား ယာဉ်နောက်လိုက်အား ဖားကန့်ပြည်သူ့ဆေးရုံတွင်(မစိုးရိမ်ရ) ကုသမှုပေးလျက်ရှိပြီး အခြားသူများထိခိုက်မှုမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်အပေါ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ကာယကံရှင်များ၊ မြို့နယ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)