ဖားကန့်ကောင်းကင်ယံမှ ပြုတ်ကျခဲ့သည့် အရာဝတ္ထုအား စိစစ်မှုပြုလုပ်နိုင်ရန် မြစ်ကြီးနားသို့ပို့ထား

မြစ်ကြီးနား  ၂၁   စက်တင်ဘာ 


ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ပုံကျေးရွာ ချောင်းအတွင်း ယမန်နေ့က ကောင်းကင်ယံမှ ပြုတ်ကျခဲ့သည့် အမည်မသိအရာဝတ္တုအား စစ်ဆေးမှုပြုလုပ်နိုင်ရန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဖားကန့်မြို့မှတစ်ဆင့် မြစ်ကြီးနားမြို့သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲက ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာ ချောင်းအတွင်းသို့ ကောင်းကင်ယံမှ ပေါက်ကွဲသံနှင့်အတူ အမည်မသိအရာဝတ္ထုတစ်ခု ကျရာက်ခဲ့၍ ဖားကန်မြို့နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ဝိုင်းလုံးချွန်ပုံသဏ္ဍာန်နှင့် အပေါ်ပိုင်းတွင် အချင်း(၆ ပေ)၊ အောက်ဖက်တွင် အချင်း(၁၀ ပေ)ခန့်နှင့် အရှည်(၁၆ ပေ)ခန့်ရှိ စက်ဝိုင်းလုံးချွန်ပုံသဏ္ဍာန် သတ္တုကိုယ်ထည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အရာဝတ္ထုအား စိစစ်မှုများပြုလုပ်နိုင်ရန်  စက်တင်ဘာ၂၀ ရက် နံနက် ၁၀ နာရီခွဲက ဖားကန့်မြို့နယ်ရှိနယ်မြေခံတပ်မှ တာဝန်ယူ၍ စိစစ်မှုများပြုလုပ်နိုင်ရေး (၁၂)ဘီးယာဉ်ဖြင့် ဖားကန့်မှ မြစ်ကြီးနားမြို့သို့ စက်တင်ဘာ၂၀ရက် မွန်းလွဲပိုင်းက နယ်မြေခံတပ်မတော်သားများ လုံခြုံရေးဖြင့် မြစ်ကြီးနားကို ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဝင်းနိုင်(ကချင်မြေ)