ဖားကန့်ဒေသ ရခိုင်လူငယ်ကွန်ရက်အဖွဲ့မှ ရခိုင်လူငယ်ညီလာခံ ကျင်းပရေးကော်မတီသို့ အလှူငွေကျပ် သိန်း ၁၀၀ ပေးအပ်လှူဒါန်း

တောင်ကုတ် ၁ မေ

 

ရခိုင်လူငယ်ညီလာခံဖွင့်ပွဲအခမ်းအနားကို မေ ၁ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်မြို့ သိမ်တောင် ရပ်ကွက် မြို့မဘောလုံးကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်(၁၇)မြို့နယ်နှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် ဖားကန့်ဒေသမှ ရခိုင်လူငယ် ကိုယ်စားလှယ်များနှင့် လာရောက်လေ့လာသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

 

အခမ်းအနားကို ဦးဝင်းဇော်၊ ဦးခိုင်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရခိုင်စည်တော်တီးကာ ရခိုင်ယိမ်းအကများဖြင့် သီဆိုကပြဖြေဖျော်ပြီးနောက် ရခိုင်လူငယ်ညီလာခံ ကျင်းပရေးကော်မတီ ကိုယ်စား အဖွဲ့ဝင် ဦးကောင်းမြတ်ကျော်၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စား ရသေ့တောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးတို့က အဖွင့်အမှာ စကားပြောကြားသည်။

 

ဆက်လက်၍ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်နှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း၊ ရခိုင်လူငယ်ညီလာခံ ကျင်းပရေးကော်မတီဥက္ကဌတို့က ရခိုင်လူငယ်ညီလာ ခံကျင်းပမှုနှင့် ပတ်သက်၍ အားပေးစကား ပြောကြားကြခဲ့သည်။

 

ထို့နောက် အခမ်းအနားတွင် ဖားကန့်ဒေသ ရခိုင်လူငယ်ကွန်ရက်အဖွဲ့မှ ရခိုင်လူငယ်ညီလာခံ ကျင်းပရေးကော်မတီသို့ အလှူငွေကျပ်သိန်း(၁၀၀)ပေးအပ်လှူဒါန်းခဲ့ကြောင်း မြို့နယ်ပြန်/ဆက်ဉီးစီးဌာနမှ သတင်းပေးပို့ချက်အရ သိရသည်

 

MDN