ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ လိုခါးလိုကွက်သစ် အမှတ် (၃) လုပ်ကွက်အတွင်းရှိ သတ္တုကျင်းများကို အရေးပေါ်အမြန်ဆုံး ပိတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း

၁၆ သြဂုတ်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ဖားဆောင်း မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ လိုခါးလိုကွက်သစ် အမှတ် (၃) လုပ်ကွက်အတွင်းရှိ သတ္တုကျင်းများကို အရေးပေါ်အမြန်ဆုံး ပိတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မော်ချီးဒေသ၌ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ လ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုကျမှုဖြစ်ပွားသဖြင့် သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဝင်း ဦးဆောင်သည့်အဖွဲ့က ၉-၁၂-၂၀၁၅ ရက်နေ့မှ ၁၈-၁၂-၂၀၁၅ ရက်နေ့ အထိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိမှုအရ မြေပြိုမှုဖြစ်ပွားခြင်းသည် ကုမ္ပဏီ၏ သတ္တုတူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်းနှင့် လူနေအိမ်များ ဆောက်ထားသည့် တောင်စောင်းနေရာများတွင် မြေပြိုကျမှုများဖြစ်ပွားကြောင်း တင်ပြထားပြီး မော်ချီးသတ္တုတွင်း ဧရိယာတောင်တန်းများတစ်လျှောက် ယာယီတဲများ ဆောက်လုပ်နေထိုင်ခြင်းကို ခွင့်မပြုသင့်ကြောင်း၊ အန္တရာယ်လွတ်ကင်းသည့် နေရာများတွင် လူနေရပ်ကွက်များ စနစ်တကျ အကွက်ချပြီး စီမံချက်ဖြင့် ဆောင်ရွက်သင့်ကြောင်းကိုလည်း စိစစ်တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း။


ဒေသအခေါ် ပေါင်မုန့်တုံးပုံကျောက်တောင်သည် ထုံးကျောက်အမျိုးအစားဖြစ်ပြီး တောင်ထိပ်မှ ထုံးကျောက်အစအနများ ကျဆင်းလေ့ရှိသဖြင့် ၂၀၁၅ ခုနှစ် မော်ချီးမြေပြိုမှု ဖြစ်စဉ်ဖြစ်ပွားမှု၏နောက်တွင် လူနေထိုင်ခြင်းနှင့် သတ္တုတူးဖော်ခြင်းများကိုလည်း တားမြစ် ထားပါကြောင်း၊ မိုးရာသီတွင် ထပ်မံသတိပေးတားမြစ်လျက်ရှိပါကြောင်း၊ မော်ချီးဒေသ မြေပြိုမှုနှင့်ပတ်သက်ပြီး ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်စိုး ဦးဆောင်သည့် ပညာရှင်ခုနစ်ဦးအဖွဲ့မှလည်း ၅-၉-၂၀၁၆ ရက်နေ့မှ ၁၈-၉-၂၀၁၆ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်အရ ပေါင်မုန့်တုံး ပုံစံ ကျောက်တောင်တည်ရှိရာ ထုံးကျောက်အစအနများ ကျဆင်း နိုင်သည့် နေရာအနီးတစ်ဝိုက်တွင် လူနေထိုင်ခြင်းမပြုရန် သတ်မှတ်ခဲ့သည့်အတွက် ကယားပြည်နယ် သတ္တုထုတ်လုပ်ရေးကုမ္ပဏီကိုလည်း ယင်းနေရာအနီးတစ်ဝိုက် သတ္တုထုတ်လုပ်ခြင်းမပြုစေခဲ့ဘဲ တစ်ပါတည်း လူနေထိုင်ခြင်းကိုလည်းမပြုရန် တားမြစ်ခဲ့ပါကြောင်း။


မော်ချီးသတ္တုတွင်းရှိ တောင်စောင်းများတွင် အန္တရာယ်ရှိကြောင်း သတိပေးဆိုင်းဘုတ်များ တင်ပြထားပါကြောင်း၊ လက်လုပ်လက်စားရွှေ့ပြောင်းလုပ်သားများသည် ရံဖန်ရံခါ ထိုနေရာများ သို့ လာရောက်ပြီး သတ္တုတူးဖော်ရှာဖွေခြင်းများလည်း ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မော်ချီးဒေသ လိုခါးလိုကွက်သစ်အမှတ်(၃)လုပ်ကွက်အတွင်း ဒေသအခေါ် ပေါင်မုန့်တုံးပုံစံ ကျောက်ဆောင် အောက်၌ သတ္တုတူးဖော်ထုတ်လုပ်နေသူများသည် လက်ရှိခွင့်ပြုချက်ရထားသည့် ကုမ္ပဏီက မဟုတ်ဘဲ ဒေသခံအချို့နှင့် ရွှေ့ပြောင်းလုပ်သားများမှ တားမြစ်ခြင်းကို မလိုက်နာဘဲ တဲငယ်များ ထိုး၍ ဝင်ရောက်နေထိုင်ပြီး တရားဝင်သတ္တုတူးဖော်နေမှုများကြောင့် မြေပြိုကျမှုဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ဒေသပိုင်အာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ များနှင့် ကုမ္ပဏီတို့ပူးပေါင်း၍ ပညာပေးဆွေးနွေးခြင်းများလည်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ထိခိုက်မှုဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


ကုမ္ပဏီမှ ခွင့်ပြုထားသည့် ကျင်းများရှိသလို ခိုးတူးသည့် ကျင်းများလည်းရှိပြီး ၎င်းကျင်း များမှာ အန္တရာယ်ဖြစ်လာနိုင်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပိတ်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိ ဆက်စပ်မေးခွန်းမေးမြန်းရာ ကယားပြည်နယ် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ Mining Area မှာ ဧက ၆၀ဝ၀ ကျော်ရှိပြီး အန္တရာယ်ဖြစ်လာသည့် နေရာများကို တူးခွင့်လည်း မပြု၊ လူလည်း နေခွင့်မပြုကြောင်း တားမြစ်ထားပြီးဖြစ်သည့်အတွက် အန္တရာယ်ရှိသည့် ပေါင်မုန့်တုံးပုံ ကျောက်ဆောင် အောက်ဝန်းကျင်နေရာများကို တူးမည်ဆိုပါက တူးဖော်ခွင့်မပြုရန် တားမြစ် သွားရမည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီကို သက်တမ်းတိုးပေးထားသည် မှာ ၂၀၂၄ ခုနှစ်အထိ ဖြစ်ပါကြောင်း၊ ၎င်းထဲမှ အန္တရာယ်ရှိနိုင်သည့် Portion များကို ပိတ်သိမ်းပြီး လုပ်ပိုင်ခွင့် တားမြစ်ရန် မိမိတို့ ဆောင်ရွက်ပေးသွားနိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


MDN
Credit. ပြည်သူ့လွှတ်တော်