Pfizer ကြောင့် မျှော်လင့်ချက်တွေ ရှင်သန်လာတဲ့ ပရီမီယာလိဂ်အသင်းများ

၁၀ နိုဝင်ဘာ

မနေ့ကပဲ Pfizer က သူတို့စမ်းသပ်နေတဲ့ဆေးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်ကြောင်း ကြေညာခဲ့ပြီးနောက်မှာ  ပရီမီယာလိဂ်ကလပ်အသင်းတွေက လာမယ့် ဇန်နဝါရီလလောက်မှာ ပရိသတ်တွေကို ကွင်းထဲပြန်လည်ကြည့်ရှုခွင့်ပေးရေး အစိုးရကို တောင်းဆိုလာကြပြီဖြစ်ပါတယ်။ 

ပရီမီယာလိဂ်အသင်းတွေက ကစားသမားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေးထိုးနှံပေးရေးနဲ့ ကွင်းတွေ ပြန်လည်ရှင်သန်လာဖို့ရန်အတွက်  လာမယ့်ဇန်နဝါရီလလောက်မှာ ပရိသတ်တွေကို ကွင်းထဲမှာ ကြည့်ရှုခွင့်ပြုရေးက အရေးကြီးကြောင်း ဆိုပါတယ်။ ဘောလုံးကလပ်အသင်းတွေဟာ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခိုင်းနေရတာ ကြောင့် ဘဏ္ဍာရေးနစ်နာမှုတွေများနေပြီး ကွင်းထဲပရိသတ်တွေ ပြန်လည်ကြည့်ရှုခွင့်ပေးရေးဟာ ဘဏ္ဍာရေး အကျပ်အတည်းဆိုက်နေတဲ့ သူတို့အတွက်  အသက်ရှုပေါက်ဖြစ်နေတာပါ။ 

အကောင်းဆုံးအဖြေကတော့ ကစားသမားတွေအပြင် ပရိသတ်တွေအကုန်လုံးကို ကာကွယ်ဆေးထိုးပြီးမှသာ ကွင်းတွေကို ပြန်ဖွင့်ခွင့်ပေးသင့်တယ်လို့ ပရီမီယာလိဂ်ဥက္ကဋ္ဌ ဂရေးဟော့ဖ်မန်းက  သူ့သဘောထားကို  ပြောပါတယ်။ အားကစားဝန်ကြီး ဟက်ဒက်ဆင်ကတော့ အိုလံပစ်ပြိုင်ပွဲဝင်မယ့် ဗြိတိန်အားကစားသမားတွေ အကုန်လုံးကို    ဦးစားပေးအနေနဲ့ ကာကွယ်ဆေးထိုးပေးမှာဖြစ်ကြောင်း အရိပ်အမြွက်ဆိုခဲ့ပေမယ့် ဆေးရရှိမှုအပေါ် မူတည်ပြီး  ကွင်းတွေပြန်ဖွင့်ရေးကို စဉ်းစားပေးသွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ 

မေလဲ့သင်း