ပေါင်းတည် ၁၄ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နွားသတ်ချောင်းရေ လျှံသဖြင့် ပေါင်းတည်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ ရေဝင်ရောက်ခဲ့ပြီး စာသင်ကျောင်းအချို့ ပိတ်ထားရကာ စိုက်ပျိုးပြီးမိုးစပါး ဧကလေးထောင်ကျော် ရေကြီးနစ်မြုပ်နေလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
နွားသတ်ချောင်းရေသည် ဩဂုတ် ၁၁ ရက်နေ့မှ စတင်လျှံတက်ခဲ့ပြီး ယနေ့အထိ ပေါင်းတည်(အထက)၊ ဘုရားငါးဆူ (အလက)၊ ရေလည်ကြီး(အလက) အစရှိသည့်ကျောင်းများယာယီပိတ်ထားရကာ ညောင်ပင်ကပ် ကျေးရွာအုပ်စု၊သဖန်းပင်ဆိပ်ကျေးရွာအုပ်စု တို့တွင်ရေဝင်နစ်မြုပ်လျက်ရှိနေပြီး မိုးအဆက်မပြတ် ဆက်လက် ရွာသွန်းနေသည့်အတွက် ရေပြန်ကျမည့် အနေအထားမရှိသေးကြောင်း ယင်းဒေသခံများထံမှစုံစမ်းသိရှိရသည်။
စာသင်ကျောင်းများယာယီပိတ် ထားရခြင်းနှင့်ပါတ်သက်၍ “ကျောင်းတွေမှာရှိတဲ့ စာရွက်စာတမ်းတွေကို ရေစိုပျက်စီးမှုမရှိအောင်ရွှေ့ ပြောင်းထားပါတယ်။ ရေပြန်ကျလို့ ကျောင်းတွေပြန်ဖွင့်ရင် ပိတ်ထားရတဲ့ရက်တွေအတွက် အစားထိုးပြန်သင်နိုင်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု မြို့နယ်ပညာရေးရုံးမှ ဒုတိယပညာရေးမှူး ဦးကျော်ဝင်း ကပြောကြားသည်။
ကိုလွင်(ဆွာ)


