ပေါင်းစုမှုဖြင့် ငြိမ်းချမ်းရေးတစ်ဆင့်တက်လှမ်း

၁၅ အောက်တိုဘာ

 

အောက်တိုဘာလ ၁၅ ရက်(ယနေ့)သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို တရားဝင်လက်မှတ်ရေးထိုးခြင်းသုံးနှစ်ပြည့်သည့်နေ့ဖြစ်သည်။ ထိုနေ့တွင် တိုင်းရင်းသားပြည်သူများ မျှော်လင့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ၁၀ အပေါင်း ၁၀ တွေ့ဆုံဆွေးနွေးခြင်းကို ဝမ်းမြောက်စွာကြိုဆိုပါသည်။

 

 ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် NCA သည် ကနဦးအရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ်ပြီး ငြိမ်းချမ်းရေး အတွက် ပထမခြေလှမ်းဖြစ်သည်။ထိုအဆင့်တစ်ခု တက်လှမ်းနိုင်ရေးကို နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုများ၊ အခက်အခဲ များကြားမှ ယုံကြည်မှုနှင့် ညှိနှိုင်းပေါင်းစပ်မှုတို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ NCA သည် ငြိမ်းချမ်းရေး နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ရန် သဘောတူထားမှုဖြစ်ပြီး သုံးနှစ်တာကာလအတွင်း ကောင်းမွန်သော ရလဒ်များပေါ်ထွက်လာသလို တစ်ဆို့နေသော အခက်အခဲများလည်း ရှိနိုင်သေးသည်။

 

ယင်းလိုအပ်ချက်များကို အဖြေရှာနိုင်ရန် ဆွေးနွေးညှိနှိုင်းကြသည်။၁၀ အပေါင်း ၁၀ တွေ့ဆုံညှိနှိုင်းမှု ပုံစံမျိုးသည် သုံးနှစ်တာကာလအတွင်းမြင်တွေ့နိုင်ခဲ့ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားခေါင်းဆောင် များအားလုံး စုံစုံလင်လင်စုစည်းမှုမှာ ထူးခြားမှုပင်ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် အစိုးရခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက် ငြိမ်းချမ်းရေးဖြစ်စဉ်များ ပိုမိုချောချောမွေ့မွေ့ ဖြစ်ပေါ်လာရေး၊ နိုင်ငံရေး သဘောတူညီချက်များကို အဆင်ပြေစွာ ဆက်လက်ချမှတ်နိုင်ရေးအတွက် ယခု တွေ့ဆုံဆွေးနွေးနေကြသည်။

 

ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးနိုင်ခြင်းဖြင့် NCA ရလဒ်များကိုဆက်လက်တိုးမြှင့် ဖော်ဆောင်နိုင်မည် ဖြစ်သည်။ NCA တွင် ပါဝင်ခြင်းသည် အကျိုးရလဒ်ကောင်းနှစ်မျိုးကို တစ်ပြိုင်တည်းရရှိစေသည်။ ဦးစွာ လက်နက်ကိုင်တိုက်ခိုက်မှုများ ရာနှုန်းပြည့်နီးပါး လျှော့ချလိုက်သဖြင့်စစ်ပွဲကြောင့် ဖြစ်ပေါ်လာရသည့် ပဋိပက္ခများ၊ ဒုက္ခဆင်းရဲများ လျော့ကျသွားနိုင်သည်။ ထို့နောက် မိမိတို့ဒေသအကျိုး၊ ပြည်ထောင်စုကြီး တစ်ခုလုံး၏အကျိုးကို ဖော်ဆောင်နိုင်မည့် သဘောတူညီချက်များကို ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်သည်။

 

ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲတံခါးကို NCA စာချုပ်အရ ဖွင့်ပေးနိုင်ခဲ့ပြီး ပါဝင်သင့်ပါဝင်ထိုက်သော အင်အားစုများ အားလုံးပါဝင်လာနိုင်အောင် ဖန်တီးပေးနိုင်ခဲ့သည်။ အားလုံးပါဝင်မှုဖြင့် လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ကြသည်။ မတူသည်များကို ဘေးဖယ်ထားပြီးတူညီမှုများကို စုပေါင်းရွေးထုတ်ကာ အားလုံးအတွက် ဘုံရလဒ်အဖြေများကို ဆောင်ကြဉ်းနိုင်ခဲ့သည်။ NCA သုံးနှစ်တာကာလ အတွင်းမှာ ပင်နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်တိုက်ကျင်းပနိုင်ခဲ့သည်။ ကျင်းပခဲ့သော နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်းတစ်တွင် ၃၇ ချက်၊ အစိတ်အပိုင်းနှစ်တွင် ၁၄ ချက် စုစုပေါင်း ၅၁ ချက် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်သည်။

 

သို့သော် ကျေနပ်လောက်သည့် အတိုင်းအတာတစ်ခုသို့ မရောက်သေးချေ။ တစ်ဆို့မှုများလည်း ရှိနေသေးသည်ဟုဆိုသည်။ ယင်းတို့ကိုယခုဆက်လက်အဖြေရှာမည်ဖြစ်သည်။ (၂၁)ရာစုပင်လုံအစည်းအဝေး များကို သုံးကြိမ်တိုင် ကျင်းပနိုင်ခဲ့သည်။ တတိယအစည်းအဝေးတွင် ၂၀၁၉ခုနှစ်အထိ ငြိမ်းချမ်းရေးညီလာခံ သုံးကြိမ်ထပ်မံကျင်းပရန် သဘောတူထားပြီး ၂၀၂၀ ပြည့်နှစ်မတိုင်မီ ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများ ရရှိအောင် ကြိုးပမ်းအားထုတ်ကြမည်ဟု သန္နိဋ္ဌာန်ပြုထားပြီးဖြစ်သည်။

 

သို့ဖြစ်ရာ အားလုံးပါဝင် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့် တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းထား သည့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ကြရမည်ဖြစ်သည်။ ငြိမ်းချမ်း သာယာပြီး တန်းတူအခွင့်အရေးရှိသည့် လူမှုအဖွဲ့အစည်း တည်ဆောက်ရေးကို ရှေးရှုပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အခြေခံသည့်ဆွေးနွေးရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်လာစေဖို့ ယခုတွေ့ဆုံပွဲတွင် ဦးတည် ဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။(ကြေးမုံ)