ပေကျင်းနိုင်ငံတကာ ခရီးသွားပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသမည်

ရန်ကုန် ၁၈ မေ 

 

တရုတ်နိုင်ငံပေကျင်းမြို့၌ ယခုလ ၂၇ ရက်တွင် ကျင်းပမည့် ပေကျင်းနိုင်ငံတကာ ခရီးသွားပြပွဲသို့ မြန်မာခရီးသွား လုပ်ငန်းရှင်များ ပါဝင်ပြသွားမည်ဖြစ်ပြီး ပြပွဲကာလအတွင်း မြန်မာ-တရုတ်ခရီးသွားပြပွဲတစ်ရပ်ကို ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့တွင် ပူးပေါင်းပြသသွားနိုင်ရေး စာချုပ်နှင့် တရုတ်လေကြောင်းလိုင်း Southern Airlines တွင် မြန်မာ့ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများ ပြသနိုင်ရေး စာချုပ်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း သိရသည်။

 

"ကျွန်တော်တို့ ခရီးသွားလုပ်ငန်းရှင်တွေကတော့ ရန်ကုန်ကနေ မေလ ၂၅ ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခွာမှာဖြစ်ပါတယ်။ ဇွန်လ ၁ရက်မှာ ရန်ကုန်ပြန်ရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ အပါအဝင် လူပေါင်း၄၅ ဦးလောက်သွားရောက်ကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပြပွဲမှာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်တွေကို မိတ်ဆက်ပြသသွားမှာ ဖြစ်ပါတယ်"ဟု အာရှဂလိုဘယ် ခရီးသွားလုပ်ငန်းမှ မန်းနေဂျင်းဒါရိုက်တာ ဦးဝင်းတင်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ကမ်းနားလမ်း မဏိရတနာစားသောက်ဆိုင်၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

 

အဆိုပါ နိုင်ငံတကာ ခရီးသွားပြပွဲကာလတွင် ပေကျင်းမြို့ မီးဆူးဟိုတယ်တွင် Myanmar Food Festival- မြန်မာအစားအသောက် ပွဲတော်ကြီးကိုလည်း နှစ်ပတ်ကြာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာအစားအသောက်များကို ရန်ကုန်မြို့ရှိ နာမည်ကြီးဟိုတယ်အချို့က ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ၎င်းပွဲတော်သို့ ကိုယ်စားလှယ်များအပြင် အာဆီယံနိုင်ငံ အသီးသီးမှ သံအမတ်ကြီးများလည်း တက်ရောက်လိမ့်မည်ဖြစ်ကြောင်း၊ ပြပွဲကာလအတွင်း မြန်မာ့ခရီးသွားလုပ်ငန်းအကြောင်း ဟောပြော ခြင်း၊ ခရီးသွားလုပ်ငန်းရှင ်အချင်းချင်း ခရီးသွားအကြောင်း မိတ်ဆက်ခြင်း စသော အစီအမံများလည်း ပါဝင်ကြောင်း သိရသည်။

 

ပေကျင်း နိုင်ငံတကာ ခရီးသွားပြပွဲသည် အကျယ်အဝန်းအားဖြင့် ပေ၅၅၀ဝ ကျယ်ဝန်းမည်ဖြစ်ကြောင်း၊ ဥရောပ၊ အမေရိကန်၊ သြစတြေးလျ တို့ အပါအဝင် နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ပါဝင်ပြသမည်ဖြစ်ကြောင်း၊ ၎င်းဖိုရမ်သို့ အာဆီယံနိုင်ငံ အသီးသီးမှ ထိပ်ပိုင်းတာဝန်ရှိသူများလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။



မြင့်မောင်စိုး