ပေကျင်း ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တရုတ်သမ္မတ ကြည့်ရှု

ပေကျင်း ဇန်နဝါရီ ၅

 

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့် ပေကျင်းဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လာရောက်ကြည့်ရှုခဲ့သည်။

 

ပြိုင်ပွဲဖွင့်လှစ်ရန် တစ်လအလိုတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမြန်စီး စကိတ်ပြိုင်ပွဲ ကျင်းပမည့် အဆောက်အအုံ၊ မီဒီယာစင်တာနှင့် တခြားနေရာများသို့ လာရောက်ကြည့်ရှုခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

 

အမျိုးသား စကိတ်ပြိုင်ပွဲ ကျင်းပမည့် အဆောက်အအုံသစ်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က ဘေးကင်းစိတ်ချရပြီး ရိုးရှင်းကာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် ပွဲတော်များသည် အောင်မြင်မှုကို ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

 

မီဒီယာစင်တာတွင် သတင်းထောက်များကို ပြောကြားရာတွင် ရှီက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ပွဲကြည့်ပရိသတ် ကန့်သတ်ချက်များရှိရာ ယခုလိုအချိန်တွင် မီဒီယာများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြောကြားလိုက်သည်။

 

ထို့အပြင် ရှီက အားကစား ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြင့် နိုင်ငံတကာကို လွှမ်းမိုးမှုရရှိအောင် ဝိုင်းဝန်းကူညီကြပါဟု မီဒီယာကို တိုက်တွန်းပြောကြားလိုက်သည်။

 

လွန်ခဲ့သော သီတင်းပတ် နှစ်သစ်မိန့်ခွန်းတွင် ရှီက အားကစားပြိုင်ပွဲကျင်းပရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အင်န်အိတ်ချ်ကေ