ပျော်ရွှင်ကြည်နူးရသည့် ရှမ်းရိုးရာ စုပေါင်းရှင်ပြုပွဲများ

၂၅ မတ်

 

ရှမ်းပြည်နယ်တစ်ဝန်းတွင် နှစ်စဉ် တပေါင်း၊ တန်ခူး၊ ကဆုန်လများ၌ ရှမ်းရိုးရာ စုပေါင်းရှင်ပြု အလှူပွဲများကို စည်ကားစွာ ကျင်းပလေ့ ရှိကြသည်။ လယ်ယာလုပ်ငန်းခွင်များ ယာယီရပ်နားချိန်နှင့် ကျောင်းပိတ်ချိန်တို့ တိုက်ဆိုင်နေချိန ဖြစ်၍လည်း စုပေါင်း ရဟန်းခံ ရှင်ပြု အလှူပွဲများကို ပြုလုပ်ကြခြင်း ဖြစ်၏ ။

 

စုပေါင်းရဟန်းခံရှင်ပြုပွဲကို တတ်နိုင်သူ အလှူရှင်တစ်ဦးတည်းက မတည်လှူဒါန်း ဆောင်ရွက် ပေးခြင်းလည်း ရှိသည်။ ကုန်ကျသမျှကို အချိုးကျ အလှူငွေနှင့် ဆန်၊ ပစ္စည်း စသည်တို့ ထည့်ဝင်ပြီး စုပေါင်း ပြုလုပ်ကြသည် လည်းရှိသည်။ ရှမ်းရိုးရာ ရှင်ပြုပွဲ ကျင်းပသည့်အခါ ဦးစွာ အလှပြင်ဆင် ဝတ်စားထားသော ရှင်လောင်းများကို အဖေ၊ ဦးလေး၊ အစ်ကို၊ ဆွေမျိုးသားချင်း သို့မဟုတ် ရှင်လောင်းထမ်း တစ်ဦးကဖြစ်စေ ပခုံးပေါ် ထမ်းတင်ရသည်။ ၎င်းဘေးမှ ရွှေထီးဆောင်းပေး၍ လိုက်ပါကြရသည်။

 

ရှင်လောင်းလှည့်ပွဲ စတင်ချိန်တွင် ရှေ့ဆုံးမှ ပန်းကလပ်နှင့် သာသနာ့အလံကိုင် လူကြီးများက ဦးဆောင်ရသည်။ နောက်မှ ရှမ်းအိုးစည်ဝိုင်းက စည်းချက်ညီစွာ တီးခတ်၍ လိုက်ပါရသည်။ အလယ်နှင့် နောက်ဆုံးမှလည်း ရှမ်းအိုးစည်ဝိုင်းများက တီးခတ်၍ လိုက်ပါရသည်။ ရှမ်းအိုးစည်သံ စည်းချက်နှင့်အညီ ရှင်လောင်းထမ်းများက ခြေလှမ်း ဘယ်ညာ ယိမ်းနွဲ့ရင်း လိုက်ပါပြီး ပခုံးပေါ်မှ ရှင်လောင်းများကလည်း ပဝါနှစ်ဖက် လက်ဝှေ့ယမ်း၍ လိုက်ပါခဲ့ကြသည်။

 

ရှမ်းရိုးရာ ရှင်လောင်းလှည့်ပွဲကို မြို့ရွာအတွင်း၌ လည်းကောင်း၊ ရှင်ပြုအလှူပွဲ ကျင်းပရာ ကျောင်းတိုက် အတွင်း၌လည်းကောင်း အဆင်ပြေသလို ပြုလုပ်လေ့ ရှိကြသည်။ ကြိုတင် ရှင်လောင်းလှည့်ပွဲကို တစ်ရက် သို့မဟုတ် နှစ်ရက် အချိန်ယူ ပြုလုပ်တတ် ကြသည်။ အားရကျေနပ်လောက်အောင် ပျော်ရွှင်စွာရှင်လောင်းလှည့်ပြီးမှ ရှင်လောင်းများကို ကျောင်းထိုင်ဆရာတော်ထံအပ်နှံ၊ သင်္ကန်းဆီး၊ သရဏဂုံသုံးပါးနှင့် သီလခံယူကာ သာမဏေများအဖြစ် သွတ်သွင်း ချီးမြှင့်ပေး ခဲ့ကြသည်။

 

ရှမ်းရိုးရာ ရှင်လောင်းလှည့်ပွဲနှင့် ရှမ်းအက၊ ရှမ်းအလှ၊ ရှမ်းသဘာဝများ၊ ရှမ်းအိုးစည်သံများမှာ မြူးကြွ ကြည်နူးစေ၍ ရှင်လောင်း၊ မိဘဆွေမျိုးများ သာမက ပရိသတ်ကိုပါ အပျော်ကူးစက်၍ အတူလိုက်ပါ ကခုန်တတ်ကြသည်။ ယခုနှစ် တပေါင်းလက ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ ပြုလုပ်ခဲ့သော ပျော်ရွှင်ကြည်နူးဖွယ် ရှမ်းရိုးရာ ရှင် ၁ဝ၈ ပါး ရှင်ပြုအလှူပွဲမှ ရှင်လောင်းလှည့်ပွဲကို မှတ်တမ်းတင် ဖော်ပြလိုက်ရ ပါသည်။

 

ရှမ်းရိုးရာ စုပေါင်းရှင်ပြုအလှူပွဲကို ပြည်ထောင်စုသား ညီအစ်ကို မောင်နှမများလည်း အတူပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြရန် ဖိတ်ခေါ် အသိပေး အပ်ပါသည်။

 

သီပေါကိုလတ်