ပျော်ရွှင်စွာသက်ဝင်လှုပ်ရှားရင်း စာဖတ်ခြင်းအလေ့အထများ ရရှိစေမည့် စစ်ကိုင်းမြို့က ကလေးစာပေပွဲတော်

စစ်ကိုင်း ၁၄ ဇန်နဝါရီ

 

ကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို စစ်ကိုင်းမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့က စတင်ကျင်းပရာ လာရောက်ဆင်နွှဲသူများ၏ အမှတ်တရ စကားသံများကို ထုတ်နုတ်တင်ပြလိုက်ပါသည်။

 

ဒေါ်နီလာထွန်း ဒါ်နီလာထွန်း(မူလတန်းပြ၊ စကျင်ရွာ)

 

ကလေးတွေအတွက် ဗဟုသုတ၊ အသိပညာတွေ အများကြီးရရှိစေတဲ့ ပွဲတော်တစ်ခုပါ။ အခု ရောက်ကတည်းက ကလေးတွေ ပြပွဲပြိုင်ပွဲတွေ ဝင်ကြည့်၊ ဝင်ပြိုင်နေကြတယ်။ အကြိုက်ဆုံး အားကစားကတော့ ခါးလှည့်ကွင်း ကစားနည်းနဲ့ ပြိုင်ပွဲအနေနဲ့ ဆေးရောင်ခြယ် ပြိုင်ပွဲတွေကို စိတ်ဝင်တစားရှိကြတယ်။ ကျွန်မနဲ့အတူ ကျောင်းသား ကျောင်းသူ ၁၀ဝ ကျော် လာရောက်ကြပါတယ်။ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတာတွေ့ရတာ အားရပျော်ရွှင်စရာ ကောင်းပါတယ်။ ကျွန်မတို့ စာသင်ရတဲ့ရွာက ဒီလိုပွဲတော်အကြောင်း သိပ်မသိကြဘူး။ ဒါကြောင့် မကြာခဏ ကျင်းပပေးဖို့ တောင်းဆိုလိုပါတယ်။

 

မောင်အောင်သီဟကျော်(အဋ္ဌမတန်း၊ အထက-၁၊ စစ်ကိုင်းမြို့)

 

စစ်ကိုင်းမှာ ဒီပွဲတော်ကျင်းပမယ်ဆိုတာ ကြားကတည်းက စာပေဝါသနာပါတဲ့ ကျွန်တော့်အနေနဲ့ ပျော်နေတာပါ။ စာပေဆိုင်ရာပြခန်းတွေနဲ့ နည်းပညာပြခန်းတွေ အားလုံးကို လေ့လာပြီးပါပြီ။ နည်းပညာပြခန်းက ဓာတ်လှေကား တည်ဆောက်ပုံနဲ့ ကား တည်ဆောက်ပုံ၊ ကွန်ပျူတာနဲ့ ပုံဆွဲပြသတာကို စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့အတွက် လိုအပ်တာတွေ သိချင်တာတွေအားလုံးကို ဒီလိုပြပွဲတွေ လုပ်ပေးခြင်းဖြင့် ရရှိနိုင်မှာပါ။ စာအုပ်ဆိုင်တွေမှာ ကျွန်တော် နှစ်သက်တဲ့ သုတရသစာအုပ်တွေကို ရွေးပြီး ဝယ်ဖြစ်ပါတယ်။ ဒီစာပေပွဲတော်က သူငယ်ချင်းတွေ ဆုံစည်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စာပေဖတ်ရှုလိုစိတ်တွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် လာရောက် လေ့လာစေချင်ပါတယ်။

 

ဒေါ်သက်သက်စိုး (ပြခန်းတာဝန်ခံ၊နယ်စပ်ရေးရာဝန်ကြီးဌာန)

 

ကျွန်မတို့ပြခန်းမှာ တိုင်းရင်းသား လူမျိုးတွေရဲ့ နေထိုင်မှုပုံစံတွေ၊ နေအိမ်တွေ၊ တက္ကသိုလ်မှာ တက်ရောက်နေတဲ့ တိုင်းရင်းသားလူမျိုးတွေကို သင်ကြားပြသတဲ့ စာပေ၊ ပန်းချီ၊ အိမ်တွင်း စက်မှုလက်မှု ရိုးရာဓလေ့တွေကို ဒီပြပွဲမှာ ပြသပေးထားပါတယ်။ ဒီပွဲတော်မှာ ပါဝင်ပြသတဲ့ ရည်ရွယ်ချက်က နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားကလေးတွေကို လက်မှုပညာ၊ စက်မှုပညာနဲ့ အခြားအသိပညာတွေ သင်ကြားပေးနေတယ်ဆိုတာ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။
ဒီတက္ကသိုလ်ရှိထားတဲ့အတွက် တိုင်းရင်းသားလူမျိုးတွေ တစ်နေရာတည်းမှာ စုစည်းပြီး အသိပညာရပ်တွေကို သင်ယူနိုင်တယ်ဆိုတဲ့ အကြောင်းကို သိစေချင်လို့ပါ။ အခု ကျွန်မတို့ပြခန်းကို မူလတန်းနှင့် အလယ်တန်းအဆင့်တွေ ပိုပြီးစိတ်ဝင်စားကြတာကို တွေ့ရတယ်။ တိုင်းရင်းသားလူမျိုးအလိုက် ဒီမှာ လာပြီးပြသတဲ့အတွက် လာရောက်တဲ့ ကလေးတွေက သူတို့နဲ့တွဲပြီး စိတ်ဝင်တစား ဓာတ်ပုံရိုက်ကြတယ်။ ဒီလိုပွဲတော် လုပ်ပေးခြင်းအားဖြင့် အမြင်ကျယ်ပြီး အသိပညာတိုးပွား လာစေတဲ့ အကျိုးတွေ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုပွဲတော် စဉ်ဆက်မပြတ် ပွဲတော်တွေလုပ်ပေးသင့်ပါတယ်။

 

mdn

 

ကိုညီသုတ(သုခဘုံစာပေ-ရန်ကုန်)

 

ကျွန်တော်က စာဖတ်ရှိန်မြှင့်တင်ရေးအသင်းက အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့အတွက် မြို့တိုင်းမှာလိုက်ပြီး စာဖတ်ရှိန်မြင့်မားဖို့ ဆောင်ရွက်ပေးနေပါတယ်။ ကလေးစာပေပွဲတော်မှာ ကလေးသင်ထောက်ကူပစ္စည်းတွေ ပိုပြီးရောင်းချရပါတယ်။ လူကြီးလူငယ် အရွယ်စုံဖတ်လို့ရအောင် သုတရသ စာအုပ်အစုံအလင် ရောင်းချပေးနေပါ တယ်။ ကလေးစာပေပွဲတော်ကျင်းပတဲ့ မြို့တိုင်းကို ကျွန်တော်က လိုက်လံရောင်းချပါတယ်။ ဒီလိုပွဲတော်လုပ် ပေးခြင်းအားဖြင့် ကလေးတိုင်းလည်း စာဖတ်ပြီး မြို့တိုင်းမှာလည်း စာဖတ်အား ကောင်းလာတဲ့အတွက် ကျွန်တော်တို့ စာအုပ်ဆိုင်တွေလည်း ရောင်းအားကောင်းလာပါတယ်။

 

ဒေါ်သဲသဲဝါ(ကျောင်းသားမိခင်၊ တောင်ဘော်ဂါရပ်၊ စစ်ကိုင်းမြို့)

 

ကျွန်မတို့ စစ်ကိုင်းမြို့မှာကျင်းပတဲ့ ကလေးစာပေပွဲတော်ကို ကျွန်မကလေးတွေ ပါဝင်ဆင်နွှဲနိုင်ဖို့ လာရောက် တာပါ။ ပြသထားတဲ့ ပြခန်းတွေနဲ့ အားကစားပွဲတွေမှာ ကလေးတွေ စိတ်ဝင်တစားနဲ့ ဝင်ရောက်ယှဉ်ပြိုင် ဆော့ကစားနေကြတာ တွေ့ရတဲ့အတွက် မိခင်တစ်ယောက်အနေနဲ့တော့ ဝမ်းသာကြည်နူးမိပါတယ်။ ကျောင်းပေါင်းစုံက ကျောင်းသား ကျောင်းသူတွေ အများကြီးပါဝင် ဆင်နွှဲရတဲ့အတွက် ကိုယ့်အတန်း၊ ကိုယ့်ကျောင်းဆိုတာထက် ပိုပြီးတော့ အမြင်ကျယ်လာပါတယ်။ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်းအားဖြင့်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလာမယ်လို့ ထင်ပါတယ်။ ပွဲတော်ကို မရောက်သေးတဲ့ မိဘတွေအနေနဲ့ ကိုယ်ရဲ့ကလေးကို သူများတွေလို ပျော်ရွှင်နိုင်ဖို့ ဒီပွဲတော်ကြီး လာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်တိုက်တွန်းချင်ပါတယ်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ အေးမြ(မန္တလေး)
ဓာတ်ပုံ-အောင်ဖြိုးကျော်