ပျော်ပွဲရွှင်ပွဲတွေကို သွားတဲ့အခါ

၂၇ ဒီဇင်ဘာ

ကလေးလေးတို့အားလုံး မင်္ဂလာပါနော်။ ဒီတစ်ပတ်မှာ မမက ကလေးတို့အားလုံး ကြုံဖူးကြတဲ့ အလှူကိုသွားတဲ့အခါ၊ ပျော်ပွဲ ရွှင်ပွဲ၊ ပါတီပွဲနဲ့ မွေးနေ့ပွဲတွေကိုသွားတဲ့အခါ ဘယ်လိုအချက်လေးတွေကို သတိပြုသင့် သလဲဆိုတာနဲ့ပတ်သက်ပြီး အကြံဉာဏ်လေးတွေ ပြောပြပေးချင်ပါတယ်။ ဒါက ရိုးရှင်း သလိုကလေးတို့အားလုံး လိုက်ပါပြုလုပ်နိုင်ပါတယ်။ နောက်ပြီး အဲဒီအချက်လေးတွေ ကို သတိပြုထားမယ်ဆိုရင် ကလေးတို့ကို အားလုံးက ကျေးဇူးလည်းတင်ပြီး ပိုလည်း ချစ်ခင်မြတ်နိုးသွားစေမှာ သေချာပါတယ်နော်။

ဖိတ်ကြားခံရတဲ့အခါ မွေးနေ့ဖိတ်စာလေးတွေ၊ အလှူဖိတ်စာ လေးတွေ အိမ်ကို ရောက်လာတတ်တာ ကလေးတို့သိကြတယ်မဟုတ်လား။ အဲဒီလို ရောက်လာတာနဲ့ ဘယ်နေ့မှာ ဘယ်သူ့ရဲ့ပွဲကို သွားရမယ်ဆိုတာ တစ်ခါတည်း မှတ်ထားကြရမယ်နော်။ မသွားခင်မှာလည်း ဘယ်လို အဝတ်အစား ဝတ်ဆင်သွားမလဲဆိုတာ ပြင်ဆင်ဖို့လိုသလို တစ်ကိုယ်ရေသန့်ရှင်းရေးဖြစ်တဲ့ လက်သည်းခြေသည်းတွေ ဖြတ်တာ၊ ဆံပင်ကို သပ်သပ်ရပ်ရပ်ပြီးတာနဲ့ လှလှပပလေး ပြင်ဆင်သွားဖို့လည်း မမေ့ပါနဲ့ဦး။ ပြီးတော့ ကျိန်းသေပေါက်လာခဲ့မယ်ဆိုတာကိုလည်း ပျော်ပွဲရွှင်ပွဲလုပ်မယ့်သူတွေဆီ လှမ်းပြီး အကြောင်းကြားထားဖို့ လိုပါတယ်။

အချိန်ကိုက်သွား

ဖိတ်ကြားတဲ့အချိန်ထက် နာရီပေါင်းများစွာ နောက်ကျပြီးမှသွားတဲ့အခါ မမတို့ ကြားဖူးနေကျ စကားရှိပါတယ်။ “ဟင်းအိုးတွေ လာကူဆေးပေးတာလား ဆိုပြီး စနောက်ကြ တာပါ။စားသောက်ပွဲတွေ သိမ်းပြီးတဲ့အခါကျမှ ဧည့်သည်တွေ ထပ်ရောက်လာတဲ့အခါ  အလှူလုပ်တဲ့သူတွေအတွက် အခက်အခဲဖြစ် တတ်ပါတယ်။ ဒါကြောင့်ဘယ်လိုအခမ်းအနား ဖြစ်ဖြစ် ဖိတ်ကြားထားတဲ့အချိန်နဲ့ သေသေချာချာ ချိန်ကိုက်ပြီး သွားဖို့လိုပါတယ်။ အချိန် တိတိကျကျသွားလာတတ်သူက အသက်ကြီး လာတဲ့အခါမှာလည်း တိကျစေ့စပ်တဲ့သူအဖြစ် အားလုံးက လေးစားကြမှာမို့ပါ။

လက်ဆောင်ပေးတာ

အချို့လူတွေက လက်ဆောင်ပေးတာကို သဘောကျကြတယ်။ ကလေးတို့ရော လက်ဆောင်လေးတွေ သူများက ပေးတဲ့အခါ ပျော်ကြတယ်မဟုတ်လား။ ဒါကြောင့် မွေးနေ့ပွဲလိုမျိုးသွားတဲ့အခါ လက်ဆောင်လေးတွေကို မှတ်မှတ်ရရပေးဖို့ လိုပါတယ်။ လက်ဆောင်ပေးတယ်ဆိုတာ ဈေးကြီးမှ မဟုတ်ဘဲ ကိုယ်ကသေသေချာချာ စဉ်းစားပြီး သူ့အတွက် အသုံးဝင်တာလေး၊ အလှအပလေးတွေ စတာတွေပေးလို့ရပါတယ်။ ဘာမှမပါရင်တောင် သိပ်ကိုလှပတဲ့ အပြုံးလေးနဲ့ ဖိတ်တဲ့သူတွေကို လက်ဆောင်အဖြစ် ဆုတောင်းလှလှလေးတွေ ပြောပေးလို့ ရပါတယ်။

ကူညီပေးဖို့မမေ့နဲ့

ဧည့်သည်သွားလုပ်ပေမယ့် ပွဲတော်ကျင်းပသူတွေရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို ကလေးတို့က နိုင်သလောက် ကူညီပေးဖို့ လိုပါတယ်။ ဥပမာ သူငယ်ချင်းမွေးနေ့မှာ ကလေးတို့က လာရောက်သူတွေကို ကူညီပြီး ဧည့်ခံပေးလို့ရပါတယ်။ ရေခဲမုန့် ကူခပ်ပေးလို့ရသလို ကိတ်မုန့်ခွဲပြီးတဲ့အခါ ထည့်ရမယ့် ပန်းကန်လေးတွေလည်း ပြင်ဆင်ပေးလို့ ရပါတယ်။ ဒါကြောင့်ပျော်ရွှင်ပွဲလေး ပိုပြီး စည်ကားသွားအောင် ကလေးတို့တတ်နိုင်သမျှ ပိုပျော်ဖို့ကောင်း အောင် ကူညီပေးဖို့ လိုပါတယ်။

ဖုန်းမကြည့်သင့်

သူများတွေအားလုံးက စကားတွေ ပြောကြ၊ အစားအစာတွေစားကြနဲ့ ပျော်နေ ကြချိန်မှာ လက်ထဲမှာပါတဲ့ ဖုန်းကိုပဲ အာရုံစိုက်နေမယ်ဆိုရင် ကလေးတို့ကို အားလုံးက စိတ်ပျက်သွားပါလိမ့်မယ်။ အရေးမကြီးဘဲဖုန်းပြောနေတာ၊ ဖုန်းထဲက ဂိမ်းကို ဆော့နေတာမျိုးကိုလည်း လုံးဝမလုပ်မိဖို့ လိုတယ်ဆိုတာကို ပြောရင်းနဲ့ မမက နိဂုံးချုပ်ပါပြီ။ ကလေးတို့အားလုံး လာမယ့် ၂၀၂၁ ခုနှစ် နှစ်သစ်ရောက်ရှိတော့မယ့် အခုလိုအချိန်မှာ ပျော်ရွှင်ကြပါစေနော်။

မမမေ