သိုက်စိုးထွန်း(နတ်ရွာ)
ရခိုင်ကနေ လေကြောင်းနဲ့ပြန်လာသူတွေ သက်ဆိုင်ရာကို အမြန်ဆက်သွယ်ကြဖို့ နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာတာ တွေ့ခဲ့ရပါတယ်။ အခုချိန်ထိလည်း တချို့ တစ်ဝက်သာ အဆက်အသွယ်ရသေးဟန်တူပါရဲ့။ ဒီရောဂါက လူအချင်းချင်းကူးစက်တာမို့ သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေအပေါ်မှာ ပြည်သူ အားလုံးက အလေးထားလိုက်နာမှသာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေ ထိရောက်အောင်မြင်မှာပါ။
ပူးပေါင်းပါဝင်ပေးကြပါ
ကပ်ရောဂါထိန်းချုပ်ရေးအတွက် လတ်တလော ရင်ဆိုင်နေရတဲ့ ပြဿနာပေါင်းများစွာထဲမှာ ခရီးသွား ရာဇဝင်အမှန်မပြောတဲ့ ကိစ္စကလည်း အတော်ကိုကြီးမား တဲ့ ပြဿနာတစ်ရပ်ဖြစ်နေပါပြီ။ မြို့အဝင် အထွက် တွေမှာ စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး စစ်တော့စစ်နေ ကြတာပါပဲ။ ဒါပေမယ့် ဒီဂိတ်တွေမှာလည်း အကန့် အသတ်ရှိပါတယ်။ ၂၄ နာရီအချိန်ပြည့် စစ်ဆေးနိုင်ဖို့ ဆိုတာ အတော်ခက်ပါတယ်။ ဝေဖန်သူအတွက်တော့ အလွယ်လေးပါ။ ဘယ်မြို့က ဂိတ်က တစ်နေ့မှာဘယ် နှနာရီပဲ ဖွင့်တာဆိုပြီးပေါ့။ တကယ်တမ်းကျတော့ ဂိတ်မှာ တာဝန်ကျတာက ဝန်ထမ်းတွေပဲ များပါတယ်။
လက်ရှိဝန်ထမ်းဖွဲ့စည်းပုံက ကပ်ရောဂါထိန်းချုပ်ရေး အတွက် မျှော်မှန်းပြီး တိုးချဲ့ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံမျိုး မဟုတ်ပါဘူး။ မူလအင်အားနဲ့ပဲ ဖွဲ့စည်းထားတာပါ။ ပြီးတော့ အများအားဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်းတွေမှာ ရာနှုန်းပြည့် ဝန်ထမ်းခန့်အပ်ထားတဲ့ ဌာနဆိုတာ မရှိ သလောက်ပါပဲ။ သုံးပုံ နှစ်ပုံလောက်အထိပဲ ခန့်အပ်ကြ တာများပါတယ်။ ကျန်တဲ့ သုံးပုံတစ်ပုံအတွက် လက်ရှိ လူတွေက ဖြည့်လုပ်ပေါ့။ ဒါ့အပြင် လက်ရှိအချိန်မှာ လူစုလူဝေးလျှော့ချရေးအတွက် လက်ရှိအင်အားရဲ့ တစ်ဝက်တက်၊ တစ်ဝက်နားစနစ်နဲ့ လည်ပတ်နေရတာပါ။ ဒီကြားထဲက ဂိတ်တာဝန်တို့၊ သွားလာကန့်သတ် စောင့်ကြည့်ရေး တာဝန်တို့၊ ရွေးကောက်ပွဲတာဝန်တို့ စသည်အားဖြင့် တာဝန်အသီးသီးကို ယူနေကြရတာဆို တော့ အများအားဖြင့် ဂိတ်တွေက လူသွားလူလာများတတ် တဲ့ အချိန်အပိုင်းအခြားအတိုင်းသာ တာဝန်ယူ စောင့်ဆိုင်း နေနိုင်ကြတာပါ။ ဒီနေရာမှာ ညည်းချင်းဆိုနေတာ မဟုတ်ပါ။ လက်ရှိ အနေအထားကို အသိပေးပြီး ပူးပေါင်း ပါဝင်ပေးဖို့ ပြောကြားလိုရင်းသာ ဖြစ်ပါတယ်။
အမှန်အတိုင်း ပြောခြင်းဖြင့် ကူညီ
ဂိတ်တွေမှာ မေးတယ်၊ ဘယ်သူလဲ၊ ဘယ်ကလာ သလဲ၊ ဘယ်ကိုသွားမှာလဲ စသည်အားဖြင့်မေးတယ်။ အများအားဖြင့် မှန်မှန်ကန်ကန်ဖြေကြပါတယ်။ ခက်တာက အန္တရာယ်ရှိတဲ့အရပ်က လာတဲ့သူတွေထဲက ရှားရှားပါးပါး လူတချို့ကတော့ ဟိုကပဲ လာသလိုလို၊ ဒီကပဲ လာသလိုလိုနဲ့ နေရာလွှဲပြီးဖြေနေကြတာကို တွေ့လာရပါတယ်။ ပြီးတော့ ဒီနေရာမှာ မုသားမဟုတ်တဲ့ လှည့်ပတ်ပြောဆိုမှုတွေကို သတိပြုရတော့မှာပါ။ ဥပမာ အားဖြင့် Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ ရန်ကုန်မြို့တွေကနေ လာတယ်ဆိုပါစို့။ ကြားထဲမှာ မန္တလေးကိုလည်း ဖြတ်လာတယ်၊ စစ်ကိုင်းကိုလည်း ဖြတ်လာတယ်။ ဘယ်ကလာသလဲလို့မေးတော့ စစ်ကိုင်း ကလာပါတယ်၊ မြင်းမူကလာပါတယ်၊ ချောင်းဦးကလာ ပါတယ် ဆိုပြီးဖြေတယ်။ မမှန်ဘူးလားဆိုတော့ မှန်နေ တာပါပဲ။ သူပြောတဲ့ မန္တလေးတို့၊ စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦးတို့က ဖြတ်လာတာ မှန်ပါတယ်။ ဒါပေမယ့် Stay at Home ကြေညာထားတဲ့ဒေသက လာပါတယ် ဆိုတာကို ထည့်ပြောမသွားဘူး။
ဂိတ်တာဝန်ကျ ဝန်ထမ်းတွေဆိုတာကလည်း ခရီး သည်ပြောတဲ့အတိုင်းပဲ ရေးမှတ်ကြရတာပါ။ “ခင်ဗျားက သာ ဒီလိုပြောနေတာ၊ ခင်ဗျားကြည့်ရတာတော့ ရန်ကုန်က လာဟန်တူတယ်နော်” လို့လည်း ထပ်ကွန့်နေ လို့ အဆင်မပြေပါဘူး။ ရိုးရိုးသားသားဖြေတဲ့သူကို ရစ်နေ သလို ဖြစ်သွားမှာလည်း စိုးရသေးတာကိုး။
ခရီးသွားရာဇဝင်ကို လိမ်ပြောသွားသူတွေလည်း ရှိနေပြီဖြစ်ပါတယ်။ မှတ်ပုံတင်တို့ ဘာတို့နဲ့ တိုက်စစ် ရအောင်ကလည်း ခရီးသွားတိုင်း မှတ်ပုံတင်ပါသူက ခပ်ရှားရှား။ မှတ်ပုံတင်မပါလို့ မြို့ထဲရွာထဲမဝင်နဲ့ဆိုပြီး သတ်မှတ်လိုက်လို့လည်း မဖြစ်သေးပြန်ဘူး။ အဓိက အချက်ကတော့ ခရီးသွားပြည်သူတွေအနေနဲ့ ကိုယ်ဘယ် ကလာတယ်၊ ဘယ်ကိုသွားမလို့ဆိုတာကို အမှန်အတိုင်း ပြောပေးကြဖို့ အရေးကြီးပါတယ်။
ခရီးသွားရာဇဝင်ကို လိမ်ပြောတဲ့သူမှာလည်း သူ့အကြောင်းရင်းနဲ့သူတော့ ရှိမှာပေါ့လေ။ သူ့ကိုယ်သူ စိတ်ချနေတာလည်း ပါမှာပေါ့။ ငါ့မှာ ဘာပိုးမှမရှိဘူး။ ဘယ်မှလည်း မဝင်ခဲ့ဘူး။ ကိုယ့်ကားနဲ့ ကိုယ်ပဲသွားခဲ့ တာပဲ။ ဒါမှမဟုတ် လိုင်းကားပေါ်မှာ တစ်လျှောက်လုံး နှာခေါင်းစည်းတပ်ခဲ့တာပဲ၊ အန္တရာယ်ကင်းပါတယ်ဆိုတဲ့ သဘောနဲ့ စိတ်ချလက်ချဖြစ်ပြီး ခရီးသွားရာဇဝင်ကို ထိမ်ချန်ပြောဆိုလိုက်တာ ဖြစ်မှာပါ။ တကယ်လို့ Stay at Home ကြေညာထားတဲ့ မြို့နယ်ကလာပါတယ်လို့ ပြောလိုက်ရင် အိမ်တန်းမပြန်ရတော့ဘဲ သတ်မှတ်နေရာ မှာ အသွားအလာ ကန့်သတ်ခံရတော့မယ်ဆိုတာကလည်း သိနေပြီးသားလေ။ ပြီးတော့ ဘေးပတ်ဝန်းကျင်က ခွဲခြားခွဲခြား ဆက်ဆံခံရမှာကိုလည်း စိုးရိမ်လို့ထင်ပါရဲ့။ ဒါပေမယ့် ဒီအချိန်မှာ ခွဲခြားတာကတော့ ကောင်းသော ခွဲခြားခြင်းလို့သာ မှတ်တော်မူကြပါတော့။
ကိုယ်စီအသိနဲ့လေ့လာနေထိုင်
ကိုယ့်ကိုယ်ကိုယ်စိတ်ချလို့ အမှန်အတိုင်းမပြောဘူး။ ပြီးတော့ အိမ်မှာလည်း ငြိမ်ငြိမ်မနေဘူး။ မိသားစုဝင် တွေနဲ့ ထိတွေ့တယ်။ ဈေးသွားဈေးလာလုပ်တယ်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်ထိုင်တယ်။ မထင်မှတ်ဘဲ ပါလာတော့ အကုန်ဒုက္ခရောက်တော့တာပါပဲ။
တချို့လည်း ဧည့်သည်အဝင်၊ အထွက်ကို မစိစစ်ဘဲ လက်ခံတယ်။ ဘယ်မြို့နယ်တွေမှာ ရောဂါပိုးတွေ့နေပြီ ဆိုတာကို လူမှုကွန်ရက်တွေကနေ နေ့စဉ်ကြေညာ နေတာပါပဲ။ နိုင်ငံပိုင်သတင်းစာတွေကလည်း နေ့စဉ် ကြေညာနေတာပါပဲ။ Stay at Home ကြေညာမထား ပေမယ့် လူလေးငါးဆယ်ကျော် ပိုးတွေ့ထားပြီလို့ သတင်းထုတ်ပြန်ထားတဲ့ မြို့နယ်တွေလည်း ရှိနေတာ ပါပဲ။ ဒါကိုသိလျက်နဲ့ တချို့က ပိုးတွေ့ဒေသက လာသူတွေကို အိမ်မှာ ညအိပ်ညနေလက်ခံတယ်။ ဧည့် စာရင်း တိုင်စရာမလိုတော့တဲ့အတွက် သက်ဆိုင်ရာကို အသိမပေးဘူး။ ဧည့်စာရင်း မတိုင်လို့လည်း ဘယ်ဥပဒေ နဲ့မှ မငြိစွန်းပါဘူး။ ဒါပေမယ့် ကျင့်ဝတ်သဘောအရ ငြိစွန်းနေပါတယ်။ “ဧည့်သည်လာရင် ဧည့်စာရင်း တိုင်ရမယ်လို့ ဘယ်ဥပဒေမှာမှ မပြဋ္ဌာန်းထားဘူး။ အသိပေးပါလို့လည်း ဘယ်လူကြီးကမှ မကြေညာထား ဘူး”ဆိုပြီး ပြန်လှန်ခွန်းတုံ့နေကြသူတွေရှိပါတယ်။ တကယ်တော့ ဒီအချိန်မှာ ကပ်ရောဂါကြီး ဖြစ်နေတယ် ဆိုတာ ကိုယ့်ရပ်ကိုယ့်ရွာမှာ သာမဟုတ်၊ ကိုယ့်နိုင်ငံတစ် ခုတည်းသာမဟုတ်၊ တစ်ကမ္ဘာလုံးအသိပါပဲ။ ဒီတော့ ဘယ်ဟာလုပ်သင့်တယ်၊ ဘယ်ဟာမလုပ်သင့်ဘူးဆိုတာ ကို ကိုယ်စီအသိနဲ့ လေ့လာပြီး လိုက်နာကြရမှာပါပဲ။
ဧည့်စာရင်းတိုင်ဖို့ မလိုတော့တာကတော့ မှန်ပါ တယ်။ ဒါပေမယ့် ပိုးတွေ့ဒေသကလူလာရင် သတင်းပို့ ရမယ်ဆိုတာကတော့ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ် ပါတယ်။ လူကြီးကပြောမှ ဆိုတာမျိုးကတော့ မဖြစ်သင့် ပါဘူး။ ပြီးတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဥပဒေနဲ့လည်း ငြိစွန်းနေပါတယ်။ ခက်တာက ရောဂါဖြစ်နေတဲ့သူကို ဥပဒေနဲ့အညီ တရားစွဲလိုက် ပြန်ရင်လည်း ရေနစ်သူကို ဝါးကူထိုးသလို ဖြစ်သွားဦး မှာ။ ဒီတော့ သတိလက်လွတ်ဖြစ်စေ၊ တမင်ဖြစ်စေ ပြုလုပ်သူကို တရားစွဲဖို့ဆိုရင်လည်း သင့် မသင့် တော်တော်လေးချိန်ဆပြီးမှ လုပ်ကြရတာပါ။ ဒီလူ ကတော့ ဥပဒေအရ အရေးယူမှဖြစ်တော့မယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကိုတော့ မဖြစ်မနေ အရေးယူကြရတော့ တာပါပဲ။
သတိရှိရှိသွားလာ
ပိုးတွေ့ဒေသက ပြန်လာတယ်။ ခရီးသည်တင် အမြန်ယာဉ်တွေနဲ့ လာတယ်။ သက်ဆိုင်ရာယာဉ်လိုင်း တွေရဲ့ စည်းကမ်းလိုက်နာမှု အခြေအနေအရ တချို့ ကားတွေက နှစ်ခုံ တစ်ယောက်နှုန်းပဲ တင်တယ်။ တချို့ကလည်း ဂိတ်ကထွက်တုန်းကတော့ နှစ်ခုံ တစ်ယောက်၊ ကြားဖြတ်စီးတဲ့ သူတွေနဲ့ကျတော့ ပြည့်လုလု ဖြစ်ကရောဆိုတာမျိုးလည်း ရှိပါတယ်။
တချို့လည်း အမြန်ရေယာဉ်တွေနဲ့ ပြန်လာတယ်။ ရေယာဉ်က လူအပြည့်၊ လမ်းမှာ ဟိုကမ်းကပ်၊ ဒီကမ်းကပ်၊ ကမ်းကဈေးသည်တွေက အမြန်ယာဉ် ပေါ်တက်ပြီးဈေးရောင်း။ ထိကုန်ရင်တော့ သက်သာမှာ မဟုတ်ပါဘူး။ စားဝတ်နေရေးအတွက် ရုန်းကြ၊ ကန်ကြ ရတာကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် စားဝတ် နေရေးအတွက် ရုန်းကန်လှုပ်ရှားရင်း ကိုယ်နဲ့ ကိုယ့် ပတ်ဝန်းကျင်၊ ကိုယ့်မိသားစုကို ဒုက္ခပေးသလို ဖြစ်သွား နိုင်မလားဆိုတာကိုလည်း သတိပြုကြရမှာပါ။
မိသားစုစားဝတ်နေရေးအတွက် ရန်ကုန်လို မြို့ကြီး ပြကြီးသွားပြီး အလုပ်လုပ်ကြရတယ်။ တချို့ လည်း နိုင်ငံရပ်ခြားတိုင်းတစ်ပါးအထိ သွားကြရတယ်။ တစ်ဝမ်းတစ်ခါးအတွက် ရေကြည်ရာမြက်နုရာရှာပြီး အဆင်ပြေသလို ရုန်းကန်ကြရတာပါပဲ။ ဒါပေမယ့် ကိုယ်ရောက်နေတဲ့အရပ်မှာ ရောဂါပိုးတွေ့ပြီ အခြေအနေအကြောင်းကြောင်းအရ မလွှဲသာလို့ အိမ်ပြန်လာကြရပြီဆိုရင် လမ်းတစ်လျှောက်မှာ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေးအတွက် သတိရှိရှိနဲ့ နေထိုင်ကြရမှာပါ။ Stay at Home ကြေညာ ထားတဲ့နေရာတွေက လာတာဖြစ်တဲ့အတွက် ကိုယ့်မှာ ရောဂါပိုး ပါနိုင်ခြေတွေ ရှိနေပါတယ်။ လမ်းတစ်လျှောက် မှာ ဘယ်သူနဲ့မှ ထိတွေ့မှု မရှိအောင် သတိပြုခဲ့ကြရမှာပါ။
မြို့ကြီးပြကြီးက ပြန်လာသူတွေဆိုတော့ ကပ် ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတော့ အတန်အသင့်ရှိကောင်းရဲ့လို့ ယူဆရတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပိုးမရှိဘူး ထင်လို့ပဲဖြစ်ဖြစ်၊ မေ့လျော့ လို့ပဲ ဖြစ်ဖြစ် ရပ်ထဲရွာထဲ လှည့်သွားနေကြတာတွေက တော့ ရှိပါတယ်။ မြို့နယ်တစ်ခုက ပိုးတွေ့လူနာဆိုရင် ပိုးတွေ့ ဒေသကပြန်လာပြီး မွေးနေ့ပွဲလည်း သွားလိုက် သေးသတဲ့၊ ဘုန်းကြီးကျောင်းလည်း ဆွမ်းပို့လိုက်သေး သတဲ့၊ ကွမ်းယာဆိုင်မှာလည်း ကူပြီး ယာပေးလိုက် သေးသတဲ့၊ လက်ဖက်ရည်ဆိုင်ကလည်း ထိုင်လိုက်သေး သတဲ့။ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေမှာ ထိတွေ့ ရာဇဝင်လိုက်ရတာနဲ့ကို မောရော။
ဂုဏ်ယူစရာကောင်းသူတွေလည်းရှိ
တချို့ကျတော့လည်း တကယ့်ကိုချီးကျူးစရာ ကောင်းပါတယ်။ အန္တရာယ်ရှိတဲ့ဒေသက ပြန်လာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းသိမ်းတယ်။ ပတ်ဝန်းကျင် ကိုလည်း စောင့်ရှောက်တယ်။ သတင်းပို့စရာရှိတာ ပို့ တယ်။ ဒီလိုတာဝန်သိ ပြည်သူတွေအတွက် တကယ့် ကို ဂုဏ်ယူစရာဖြစ်ပါတယ်။
အတန်အသင့် ထိန်းလိုက်နိုင်ပြီလို့ ယူဆမိရာက တစ်ဆင့် ရခိုင်ကနေ ရန်ကုန်၊ ရန်ကုန်ကနေ အခု တစ်နိုင်ငံလုံးနီးပါး ခြေဆန့်လာတာကို အားလုံးအသိပါပဲ။
နေရပ်ပြန်တွေ၊ ပြည်တွင်းပိုးတွေ့ ဒေသက ပြန်လာသူတွေကိုလည်း မပြန်ပါနဲ့လို့ ပြောဖို့လည်း မဖြစ်နိုင်ပါဘူး။ ပြန်လာလို့ အပြစ်ပြောနေဖို့လည်း မသင့်ပါဘူး။ ဒီရောဂါကို ဘယ်သူမှ အလိုမရှိကြဘူးပေါ့။ ပြန်လာသူတွေလည်း မဖြစ်ချင်ကြဘူးပေါ့။ ဒီတော့ ပြန်လာတာအတွက်နဲ့တော့ အပြစ်တင်ဖို့မကောင်းပါဘူး။ ဒါပေမယ့် ဒီနေရာမှာ အဓိကပြောလိုတဲ့ အချက်ကတော့ အန္တရာယ်ရှိတဲ့ အရပ်ကပြန်လာရင် ကိုယ်ကတစ်ဆင့် ကိုယ့်ပတ်ဝန်းကျင်ကို ရောဂါကူးစက်နိုင်တယ်ဆိုတဲ့ အသိ သတိအမြဲရှိကြဖို့ပါ။ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိ သူတွေ၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကို သတင်း ပို့ကြဖို့ပါ။
နေရပ်ပြန်ထဲမှာလည်း တရားမဝင်လမ်းကြောင်း ကနေ ခိုးပြန်လာသူတွေရှိနေတယ်။ ပြည်တွင်းပိုးတွေ့ ဒေသက ပြန်လာသူတွေမှာလည်း ခရီးသွားရာဇဝင် မမှန်မကန်ပြောသူတွေ ရှိနေတယ်။ ဟိုနေရာ ပိုးတွေ့ ပြန်ပြီ၊ ဒီနေရာမှာ သံသယလက္ခဏာတွေ တွေ့နေရပြန် ပြီဆိုမှ စစ်ရမေးရတာတွေလည်း ရှိနေတယ်။ ဆန်စဉ်ရာ ကျည်ပွေ့ လိုက်ရတယ်ဆိုတာ ဒီအချိန်မှာ အသင့်လျော် ဆုံးစကားပုံပါပဲ။ လိုက်လို့ကို မကုန်နိုင်တော့ဘူး။
ပွင့်ပွင့်လင်းလင်းပြောစေချင်
ကပ်ရောဂါထိန်းချုပ်ရေးမှာ အဆင့်ဆင့်သော တာဝန်ရှိအဖွဲ့အစည်းတွေ ရင်ဆိုင်ဖြေရှင်းနေကြရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်မက ရှိပါတယ်။ ပြဿနာပေါင်း မြောက်မြားစွာထဲမှာ ခရီးသွား ရာဇဝင်လိုက်ရတာလည်း တကယ့်ကို စိန်ခေါ်မှုကြီး တစ်ခုပါ။ တချို့က မှန်မှန်ကန်ကန်ပြောတယ်။ ကြားတဲ့ လူက မယုံလို့ ပြဿနာပြန်ရှာတာမျိုးလည်း ရှိလေရဲ့။ ထားပါတော့လေ၊ ဒီနေရာမှာ ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဘယ် နေရာကလာတယ်ဆို လာတယ်လို့ မှန်မှန်ကန်ကန် ပြောလိုက်ဖို့ပါပဲ။
ကပ်ရောဂါထိန်းချုပ်ရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းတွေမှာပဲ အဓိကတာဝန်ရှိတာ မှန်ပေမယ့် ဒီအဖွဲ့အစည်းတွေက ရောဂါထိန်းချုပ်ရေးအပြင် တခြားတခြားသော ဗာဟီရကိစ္စအဝဝနဲ့လည်း နပန်းလုံး နေကြရတယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ကောင်းစေချင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုနဲ့၊ စွက်ဖက်မှုနဲ့လည်း ကွဲပြားစေ ချင်ပါတယ်။ ပြောစရာတွေကတော့ အများကြီးပါပဲ။
လူအရပ်ရပ် ပြဿနာအထွေထွေ ဖြစ်နေကြတဲ့ ဤမြေ၊ ဤကမ္ဘာမှာ ကိုယ်နဲ့တကွ ကိုယ့်ရပ်ကိုယ့်ရွာ အန္တရာယ်ကင်းစေဖို့အတွက် ကိုယ့်ရဲ့ခရီးသွား ရာဇဝင်လေးလောက်ကိုတော့ မကွယ်မဝှက်တမ်း ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါလို့ တိုက်တွန်း လိုက်ချင်တာပါ။
ပိုးတွေ့ဒေသက ပြန်လာတာ ဘာမှရှက်စရာမလို ပါဘူး။ ဖုံးကွယ်ထားတာကမှ တကယ့်ကိုရှက် စရာပါ။
ကဲ ပြောလိုက်စမ်းပါ ပွင့်ပွင့်လင်းလင်း။
မြန်မာ့အလင်း