ပျောက်ဆုံးသွားသည့် အင်ဒိုနီးရှားလေယာဉ် ပင်လယ်အတွင်းသို့ ပျက်ကျခဲ့ကြောင်း အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာန အတည်ပြု

ဂျကာတာ ၁၁ ဇန်နဝါရီ

ယမန်နေ့က ပျောက်ဆုံးသွားသည့် အင်ဒိုနီးရှားခရီးသည် တင်လေယာဉ်သည် ပင်လယ်အတွင်းသို့ ပျက်ကျသွားခဲ့ကြောင်း အင်ဒိုနီးရှားပို့ဆောင်ရေးဝန်ကြီးဌာနက ယနေ့ အတည်ပြုပြောကြားခဲ့သည်။

လေယာဉ်ကိုယ်ထည် အပျက်အစီးအပိုင်းအစများနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ပင်လယ်အတွင်း၌ တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား ကယ်ဆယ်ရေးသမားများက ယနေ့ပြောကြားခဲ့သည်။

ဆရီဝီဂျာရာ လေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇၅၀၀ အမျိုးအစားလေယာဉ်သည် ယမန်နေ့က ဂျကာတာ လေဆိပ်မှ ထွက်ခွာခဲ့ပြီးနောက် မကြာမီအချိန်မှာပင် ရေဒါမှ ပျောက်ကွယ်သွားခဲ့သည်။ အဆိုပါလေယာဉ်တွင် ခရီးသည် ၆၂ ဦးလိုက်ပါစီးနင်းခဲ့ပြီး အနောက်ပိုင်း ကာလီမန်တန်ပြည်နယ် လွန်တန်နက်မြို့သို့ ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်တွင်လိုက်ပါသွားသည့် လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များအားလုံးသည် အင်ဒိုနီးရှားလူမျိုးများဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

အဆိုပါ ခရီးသည်တင်လေယာဉ် ပျက်ကျသွားခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်မိပါကြောင်း၊

သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်း မိပါကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယနေ့ပြောကြားခဲ့သည်။

အမျိုးသားရှာဖွေကယ်ဆယ်ရေး အေဂျင်စီနှင့် ရေတပ်မတော်တို့က ဂျကာတာလေဆိပ်မြောက်ပိုင်း ၁၇ ကီလိုမီတာရှိ ရေပြင်အနီးတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်စဉ် လေယာဉ်ကိုယ်ထည် အပိုင်းအစများနှင့် လူသေအလောင်း အပိုင်းအစများကို တွေ့ရှိခဲ့ရကြောင်း ရှာဖွေကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။

လေယာဉ်၏ အရေးပေါ်ထွက်ပေါက်တံခါးဟု ယူဆရသည့်အရာဝတ္ထုတစ်ခုကို ဂျကာတာမြို့မြောက်ပိုင်းရှိ ရှာဖွေကယ်ဆယ်ရေးအေဂျင်စီရုံးသို့ ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ထားပြီး စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

ဘိုးရင်းလေယာဉ်ကုမ္ပဏီအနေဖြင့် ဆရီဝီဂျာရာ လေကြောင်းလိုင်းအား ကူညီထောက်ပံ့ပေးရန် အဆင်သင့်ရှိကြောင်း ၎င်း၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်