ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်

တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် (JMC-S) အဖွဲ့ဝင်များပါဝင်သော ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ စီစဉ်ပေးမှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လေ့လာရန် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာ သွားကြောင်းသိရသည်။ 

 

ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အတွင်းရှိ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးမှုများကို လေ့လာကြမည်ဖြစ်ပြီး ခရီးစဉ်မှာ ဒီဇင်ဘာ ၂၁ ရက်အထိ ငါးရက် ကြာမြင့်မည်ဖြစ်သည်။

 

ကိုယ်စားလှယ်အဖွဲ့ကို ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီဝင် (JMC-S) ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ဦးဆောင်ပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ JMC-S ကော်မတီဝင်များ၊ အထောက် အကူပြုဝန်ထမ်းများ စုစုပေါင်း ၁၈ ဦးလိုက်ပါသွားကြောင်း JMC မှ သိရသည်။ 

 

တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် JMC-S ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လေ့လာရေးခရီး သွားရောက်ခြင်းဖြစ်သည်။ 

 

ညွန့်ကိုကို