ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး သင်တန်းဖွင့်လှစ်

ဘားအံ ၂၀ စက်တာဘာ

 

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့ တော်ဝင်ရတနာဟိုတယ် ခန်းမတွင် ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC - S ကရင် ဒုတိယဥက္ကဋ္ဌ(၁) စောဖောဒို (KNU)မှ အဖွင့်စကား ပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး JMC - S ကရင်အဖွဲ့ဝင် ဗိုလ်မှူးကြီး မျိုးမင်းနောင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားကာ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို နှစ်ရက်တာပြုလုပ်သွားမှာဖြစ်ပြီး သင်တန်းသား/သူ ၃၀ ဦးတို့အား JMC – S ကရင်အဖွဲ့ဝင် ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်၊ အရပ်သား ကိုယ်စားလှယ် JMC - S အဖွဲ့ဝင် ဒေါ်နန်းစေအွာနှင့် အဖွဲ့ဝင်များက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘော တရားများ၊ JMC လုပ်ငန်းစဉ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ ပူးတွဲနယ်လှည့်စောင့်ကြည့်ခြင်း၊ ဒေသခံအရပ်သား စောင့်ကြည့်သူ များ၏ လုပ်ငန်းလမ်းညွှန်၊ အကြံပြုချက်၊ သုံးသပ်ချက်များကို သင်ကြားပို့ချ ပေးသွား မည်ဖြစ်သည်။

 

သင်တန်းပြုလုပ်ရခြင်းသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား ချစ်ကြည်ရင်းနှီမှု ရရှိစေရန်၊ JMC ဆိုင်ရာအတွေ့အကြုံများကို နှစ်ဖက်အောက်ခြေများအထိ ပြန်လည်ရှင်းပြပေးနိုင်ရန်၊ ငြိမ်းချမ်းရေးကိစ္စရပ်များကို အတူတကွ ပူပေါင်းလုပ်ဆောင်နိုင်ရန်၊ ရှေ့ ဆက်လုပ်ဆောင်မည့် ငြိမ်းချမ်းရေး၊ နယ်မြေလုံခြုံရေးလုပ်ငန်းများအား အောင်မြင်အောင် လုပ်ဆောင် နိုင်ရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းရာဇာ(မြစ်ကြီးနား)