ပြစ်ဒဏ် ဘာ့ကြောင့်ချသင့်သလဲ

5+

 

 

 

 

 

 

 

 

 

 

ဦးဟန်ညွန့်(ဥပဒေ)

 

မောင်ပျင်းရိ၏ အပြုံး

“ဆရာကြီးက ကျွန်တော်ပြောတာတွေ ဆောင်းပါးထဲမှာ ထည့်ရေးတာတွေ့ရတော့ ကျွန်တော်ရှက်သလိုလို ခံစားရတယ်။ ဆရာကြီးပြောသလို ကျွန်တော်မပျင်းရိတော့ပါဘူး။ စာတွေဖတ်ပါမယ်။ ကျွန်တော်က တရားခံတွေ ဘက်က မခံချင်လို့ တရားခံတွေရဲ့ အခွင့်အရေးကို ပြောမိ၊ တောင်းမိတာပါ။ တစ်ဆက်တည်း မေးချင်တာရှိ သေးတယ်ဆရာကြီး၊ ဘာလဲဆိုတော့တရားခံတွေကို တရားသေမလွှတ်ဘဲ ပြစ်ဒဏ်ဘာ့ကြောင့်ချသလဲ ဆိုတာပါ။ အများနားလည်တဲ့စကားလုံးနဲ့ ရေးပြပါဦး” ဟု မောင်ပျင်းရိ (အလုပ်သင်ရှေ့နေ) က ဒီတစ်ခါပြုံးရွှင်စွာဖြင့် ကျွန်တော့်အား မေးမြန်းနေလေသည်။

 

ပြစ်ဒဏ်

ပြစ်ဒဏ်အမျိုးအစားများကို အောက်ပါအတိုင်းခွဲခြားနိုင်မည် ဖြစ်သည်။

(၁) နောင်ကြဉ်ဟန့်တားရေး

(၂) အကာအကွယ်ပေးရေး

(၃) ပြုပြင်ရေး

(၄) တုံ့ပြန်ကလဲ့စားချေရေး

 

(၁) နောင်ကြဉ်ဟန့်တားရေးဆိုသည်မှာ ကျူးလွန် သူအား အလားတူမကျူးလွန်ခံ့အောင် သတိပေးသည့်သဘော ဖြစ်ပါသည်။

 

(၂) အကာအကွယ်ပေးရေးဆိုသည်မှာ နောက်ထပ် ထပ်မံမကျူးလွန်အောင် ကာကွယ်အပြစ်ပေးခြင်း ဖြစ်ပါသည်။

 

(၃) လူကောင်းသူကောင်း၊ စိတ်သစ်လူသစ်ပြန်ဖြစ် လာအောင်အပြစ်ပေးခြင်း ဖြစ်ပါသည်။

(၄) ကလဲ့စားချေခြင်းမှာ သင့်တော်ပါ။ လူမဆန်ပါ။ မျက်စိတစ်လုံးကန်းစေလျှင် ကိုယ်ကလည်း မျက်စိတစ်လုံး ပြန်တောင်း၊ ပြန်ကန်းစေခြင်းမျိုးဖြစ်ပါ သည်။ ယခုခေတ်မှာတော့ မရှိတော့သလောက်ပါ။

 

အပြစ်ချသည့် ရည်ရွယ်ချက်

မဖြစ်မနေအပြစ်ပေးရမည်ဆိုသည်မှာ-တရား စီရင်ရေး၏ (မူ)ဖြစ်ပါသည်။ တစ်ဖက်ကလည်း နစ်နာသူရှိစမြဲ။ နစ်နာသူအတွက် ဘယ်လိုကုစားမည်လဲ။ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးပြီ။ မြန်မာပီပီ ခွင့်လွှတ်ပါသည်။ လူသတ်မှုကိုပင် ခွင့်လွှတ် ချင်ကြသည်။ မုဒိမ်းမှုကိုပင် ကျေနပ်ချင် ကြသည်။ တရားဥပဒေကို မေ့သွားသယောင်ယောင်...။

 

ဘဝသစ်

ထောင်ချရုံနှင့် ပြီးရောလား။ ဘဝဆုံးပြီလား။ ဘဝသစ် တည်ဆောက်မပေးသင့်ဘူးလား။ ပြစ်မှုကြွေးချွေးဖြင့် ဆပ်ပြီးပြီ မဟုတ်လား။ နောင်တရ သင့်သလောက် ရပြီးပြီမဟုတ်လား။ သူ့မှာလည်း မိဘဆွေမျိုး၊ သားမယား၊ သားသမီး၊ စားဝတ်နေ ရေးတွေကရှိသေးသည် မဟုတ်လား။ ဘဝသစ်ကို ရည်မျှော်ကာ ပြစ်ဒဏ်ပေးလျှင်ဖြင့် အများကြို ဆိုကြပေမည်။

 

ပြစ်ဒဏ်လျှော့ပေါ့ခြင်း

ဥပဒေပြဋ္ဌာန်းချက်က ဤမျှ ဖြစ်ပါသည်။ သို့ရာတွင် နောင်တတရားရသည်ကို ထောက်ရှု၍ အကျဉ်းထောင် စည်းကမ်းများ လိုက်နာသည်ကို မြင်ရ၍ ပြစ်ဒဏ်လျှော့ပေါ့သည်။ ဥပဒေကပင် ခွင့်ပြု၊ ထောင်လုပ်ထုံးတွေကပင် သဘောတူသဖြင့် ပြစ်ဒဏ်လျှော့ပေါ့ရခြင်းဖြစ်သည်။ ကျေကျေ နပ်နပ်ကင်းလွတ်ခွင့်ရသည်။ ဇနီး၊ သားသမီးများနှင့် စောစီးစွာ ပြန်ဆုံကြရသည်။ ဝမ်းမြောက်စရာကြီးပါ။

 

ထိရောက်ဟန့်တား ပြစ်ဒဏ်များ

အချို့အမှုများမှာတော့ ထိရောက်ဟန့်တား ပြစ်ဒဏ်များချမှတ်ရသည်။ နိုင်ငံတော်လုံခြုံရေးနှင့် ဆက်စပ်ပတ်သက်သည်။ လူအများ သေကျေစေမှု ပြည်သူ့ပစ္စည်းခိုးမှုများဖြစ်သည်။ ပြည်သူအများနှင့် ပတ်သက်သောအမှုတွေ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သောအမှုတွေ၊ မူဝါဒနှင့်ပတ်သက်သော အမှုတွေအတွက် ထိထိရောက်ရောက်အပြစ်ပေး ရပေသည်။ လျှော့ချင်တိုင်းလျှော့၍မရ။ သူ့ပြစ်မှုက ကြီးလေးသည်။

 

ပြစ်ဒဏ်

ပြစ်ဒဏ်များမှာ-

(၁) သေဒဏ်

(၂) တစ်သက်တစ်ကျွန်းဒဏ်

(၃) အလုပ်ကြမ်း၊ အလုပ်မဲ့ထောင်ဒဏ်

(၄) ငွေဒဏ်ဟူ၍ သတ်မှတ်လေ့ရှိသည်။

 

ပြစ်ဒဏ်မှန်လျှင် ဘယ်ပြစ်ဒဏ်မှ မကောင်းပါ။ ဘယ်သူ့ကိုမှလည်း ပြစ်ဒဏ်မကျစေလိုပါ။ သို့သော်-ဥပဒေကို ဖောက်ဖျက်လျှင် ပြစ်ဒဏ်ခံရမည်သာ။ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးသည် မူလပထမ မဟုတ်ပါလား။ လူ သည် တစ်ဦးတည်းနေ၍မရ။ အများနှင့်နေရသည်။ ပတ်ဝန်းကျင်နှင့် နေရသည်။ အများနှင့် ပတ် ဝန်းကျင်နှင့် နေထိုင်ရင်း အများနှင့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမနေဘဲ အမှုတွေဖြစ်၊ ဒေါသတွေဖြစ်၊ လောဘတွေဖြစ်၊ မောဟတွေဖြစ်၊ ဥပဒေဖောက်ဖျက်ကြလေသည်။

 

သက်သေခံချက်

မောင်ပျင်းရိသိချင်သော “ဘာ့ကြောင့် ပြစ်ဒဏ်ချမှတ်ရသလဲ” ဟူသော အဖြေမှာ သက်သေခံချက်ကြောင့်ဟု ကျွန်တော်ဖြေပါရစေ...။

 

အမှုတစ်မှုတွင် သက်သေစာရင်း တင်ပြရပါသည်။ တရားလိုဘက်က တင်ပြသောသက်သေကို တရားလိုပြသက်သေဟု ခေါ်ပါသည်။ တရားခံဘက် ကပြသော သက်သေကို တရားခံပြသက်သေဟု ခေါ်ပါသည်။ အလွန်လွယ်ကူသောစကားလုံး၊ အရေးအသားများဖြင့်တင်ပြနေခြင်းပါ။ အများနားလည်သော စကားလုံးဖြင့်ရေးပြပါဟု မောင်ပျင်းရိက တောင်းဆို ထားသည် မဟုတ်လား။

 

တရားသူကြီးက သက်သေကို စစ်မေးသည်။ မောင်မင်း...မင်းဘာမြင်သလဲ။ ဟုတ်ကဲ့။ မောင်ဖြူ ကိုမောင်မဲက ဓားနှင့်ထိုးလိုက်တာကို ကျွန်တော်မျက်စိနဲ့ မြင်ပါတယ်ဟု ဖြေသည်။ မျက်မြင်သက်သေပါ။ ဘယ်နှချက်ထိုးသလဲ။ နှစ်ချက်ပါ။ ဘယ်နေရာကိုထိုးသလဲ။ ကျောကုန်းကိုပါ။ ဤနေရာမှာ ရပ်ထား၍မရပါ။ ဘာ့ကြောင့်လဲ။

 

“ထိ”သလား ဟုဆက်မေးရမည်။ “ထိ” ပါတယ်။ သွေးထွက်သွားတာကအစ ကျွန်တော်အသေ အချာမြင်ပါတယ်ဟု ဖြေမှအဖြေကောင်း၊ စုံလင်သော အဖြေဖြစ်မည်။ သဘာဝကျမည်။

 

“ဓားနဲ့ထိုးတော့ ထိုးသည်၊ ထိ၊ မထိကျွန်တော် မမြင်ပါ"ဟု သက်သေထွက်လျှင် တစ်မျိုးတစ်ဖုံဖြစ် ပေလိမ့်မည်။ အလုပ်သင်ရှေ့နေ မောင်ပျင်းရိ သဘောပေါက်လောက်ပေပြီး၊ မျက်မြင်သက်သေက တိတိကျကျ၊ မှန်မှန်ကန်ကန် ထွက်ဆိုလျှင် တရားခံဘက်ရှေ့နေက ဖျက်ဖို့အတော်ခက်မည်။ အလွန်တော်သော ရှေ့နေကြီးများ၏ ဉာဏ်ပညာဖြင့်  အမှုက ကွင်းလုံးကျွတ်လွတ်သော အမှုတွေလည်း ရှိပါသည်။ အလျဉ်းသင့်သည့်အခါ(ဆောင်းပါး) ရေးသားတင်ဆက် ပါမည်။

 

“ဘာ့ကြောင့် ပြစ်ဒဏ်ချရသလဲ”ဟူသော မောင်ပျင်းရိ၏မေးခွန်းကို အကျဉ်းမျှဖြေဆိုခြင်းပါ။ သက်သေများက တစ်တစ်ခွခွ၊ တိတိကျကျ၊ မှန်မှန်ကန်ကန် ထွက်ဆိုခြင်းအပေါ်တွင် (မူတည်)ပါကြောင်း ဖြေဆိုရခြင်း ဖြစ်ပါသည်။  မောင်ပျင်းရိ နားလည်လောက်ပါပြီ။

 

သက်သေထူဖို့တာဝန်

တရားခံအပြစ်ရှိကြောင်းကို တရားလိုဘက်က သက်သေထူဖို့ တာဝန်ရှိကြောင်း အမြဲတစေညွှန်ပြပါသည်။ တရားလိုဘက်က တရားခံဘက်ကို ပခုံးပြောင်း၍ မရပါ။ တရားလိုဘက်က တိတိကျကျ ပြောပါ။ ထွက်ပါ။ စွပ်စွဲပါ။ သံသယမဖြစ်ပါစေနှင့်။ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေး ပုဒ်မ ၆ (၁) ကဲ့သို့ အမှုမျိုးမှာဖြင့် တရားခံဘက်သို့ တာဝန် ပြောင်းသွားပါသည်။ တရားခံလက်ဝယ်မှာရှိသော ပစ္စည်းသည် ထားခွင့်ရှိ/မရှိ၊ တရားခံကသာ ရှင်းလင်းပြောပြရမှာပါ။ သူ့တာဝန်သူ ယူရမည်သာ။ ဒါကတော့(ခြွင်းချက်) ဟုဆိုရမည်ပါ။ ဥပဒေပညာကို လွယ်လွယ်ကူကူသိစေ၊ တတ်စေ၊ နားလည်စေ ချင်ပါသည်။

 

ဥပဒေအတွေး

“ဥပဒေအတွေးရေးပါရစေ”ကဏ္ဍကို ဖွင့်လှစ်ပြီး ဆောင်းပါးများရေးခဲ့သည်မှာ ၂၀၀ ကျော်၍ ၂၁၃ အထိပင် ရောက်ရှိခဲ့ ပေပြီ။ ဘာရည်ရွယ်ချက် ဖြင့်ရေးခဲ့ပါသလဲ။ ဥပဒေအတွေးကိုသိစေချင်၍ ဖြစ်ပါသည်၊ ဥပဒေအတွေးဟု ဘာ့ကြောင့် ရေးရပါသလဲ။

 

အတွေးချင်းအတူတူ၊ ဥပဒေအတွေးမှာ ဥပဒေနှင့် ဆက်စပ်သောအတွေး၊ ဥပဒေနှင့်ညီညွတ်သော အတွေး၊ ဥပဒေ သဘောပါဝင်သော အတွေးဟု ဝိသေသထူးခြားစေလိုသောကြောင့် ဖြစ်ပါသည်။ စကားပြောလျှင်ရိုးရိုးစကား မဟုတ်။ ဥပဒေစကား၊ ဥပဒေအပြော ဖြစ်နေပါသည်။ မမှားစေလို၊ တရားစေလို၍ ဖြစ်ပါသည်။ ဥပဒေစေတနာ ပို၍ ဖြစ်ပါသည်။ ဥပဒေအတွေးပါခင်ဗျာ။

 

ကျွန်တော်တို့အားလုံး အတွေးအခေါ် ကောင်းကြပါသည်။ စေတနာကောင်းကြပါသည်။ အမှုအခင်း ကင်းစေချင်ကြ ပါသည်။ ရာဇဝတ်မှုမပြုလိုပါ။ တရားမမှု မဖြစ်ချင်ပါ။ ရပ်ရွာအေးချမ်းစေချင်ပါသည်။

 

လောဘ၊ ဒေါသ၊ မောဟ(တတ်နိုင်သမျှ) ကင်းစင်ကြ၍ တရားဥပဒေစိုးမိုးသောဘဝကို အေးချမ်းစွာ တည်ဆောက်ကြ မည်ဟု ပင်ရင်း စိတ်ဓာတ်အပြည့်အဝရှိကြပေသည်။ အလွန်ချစ်စရာ ကောင်းပါသည်။

 

စေတနာ

“ပြစ်ဒဏ်ချမှတ်ခြင်း ဘေးဒဏ်မှကင်းဝေးကြလျက် မြန်မာ့သင်္ကြန်အခါတော်အား အေးအေးချမ်းချမ်း ကြိုဆိုမိကြောင်း တွေးခေါ်မိသော ကျွန်တော်၏စေတနာ ဥပဒေအတွေးမျှသာပါ... ။    ။