ပအိုဝ်းတိုင်းရင်းသားတို့၏ စာပေလှုပ်ရှားမှု

ခွန်ရောင်လေ(နောင်တရား)

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ တစ်ရာကျော်တွင် ပအိုဝ်းတိုင်းရင်းသား များသည် လူမျိုးစုတစ်စုအဖြစ် ပါဝင်နေပါသည်။ ပအိုဝ်းလူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ အစောပိုင်းကာလ၌ ဝင်ရောက်လာကြသည့် တိဗက်- မြန်မာ အုပ်စုအတွင်းတွင် ပါဝင်နေကြောင်းကို ပအိုဝ်းသမိုင်းစာအုပ် စာမျက်နှာ (၂)တွင် လေ့လာတွေ့ရှိရသည်။ ပအိုဝ်းလူမျိုးများသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြပြီး ဘာသာတရားကိုင်းရှိုင်းသော လူမျိုးများ ဖြစ်သည်။

 

ပအိုဝ်းလူမျိုးများ၏ စာပေသမိုင်းသည် ခေတ်သုံးခေတ်ဖြင့် လေ့လာတွေ့ရှိရပါသည်။ ပထမခေတ်သည် သုဝဏ္ဏဘူမိ သထုံပြည်ခေတ်၊ ဒုတိယခေတ်သည် ညောင်ရွှေမြို့ အင်းလေးမိုင်းပျိုးကျောင်းဆရာတော် ဘဒ္ဒန္တ ကဝိသာရခေတ်နှင့် တတိယခေတ်ကို တောင်ကြီးမြို့ ထီသိမ်ကျောင်းဆရာတော် ဘဒ္ဒန္တသုနန္ဒခေတ်ဟူ၍ စာပေခေတ် သုံးခေတ်ရှိခဲ့သည်။ ယခုအသုံးပြုနေသော ပအိုဝ်းစာပေကို ထီသိမ်ကျောင်းဆရာတော် ဘဒ္ဒန္တသုနန္ဒသည် မိုင်းပျိုးစာပေမူကိုအခြေခံပြီး စာတစ်လုံးလျှင် အသံတစ်မျိုးတည်းသာ ထွက်စေရန် ပအိုဝ်းစာဖတ်တတ်လျှင် ပါဠိ၊ မြန်မာစာပေများကိုပါ ဖတ်တတ်စေရန်နှင့် ပအိုဝ်းတစ်မျိုး သားလုံး ပစ္စုပ္ပန်၊ အနာဂတ် စည်ပင်ဖွံ့ဖြိုးတိုးတက်စေရန်ဦးတည်၍ ကြိုးပမ်းတီထွင်ခဲ့ပြီး သာသနာတော်သက္ကရာဇ် ၂၄၉ဝ၊ ကောဇာ သက္ကရာဇ် ၁၃ဝ၉၊ ခရစ်သက္ကရာဇ် ၁၉၄၇ ခုနှစ် (ကဆုန်လပြည့်)တနင်္ဂနွေနေ့တွင် ပြီးစီးအောင်မြင်ခဲ့ပါသည်။

 

ပအိုဝ်းစာပေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုစေရန်အတွက် ပအိုဝ်းစာပေပြန့်ပွား ရေးဗဟိုသံဃအဖွဲ့၏ ဦးဆောင်မှုဖြင့် ပအိုဝ်းစာပေဆရာဖြစ် ဗဟိုသင်တန်းအမှတ်စဉ် (၁) ကို စတင်သင်ကြားခဲ့ပြီး ယနေ့တိုင် ၃၄ ကြိမ် မြောက်ရှိလာပြီ ဖြစ်ပါသည်။

 

ပအိုဝ်းတစ်မျိုးသားလုံး လေ့လာသင်ကြားနိုင်ရန် ပအိုဝ်းဘာသာဖြင့် ရေးသားထားသော ပြဋ္ဌာန်းစာအုပ်နှင့် ရေးသားပြုစုတော်မူကြသော ကျမ်းများမှာ-

 

(၁) ပအိုဝ်းသင်ပုန်းကြီး(သဒ္ဒါ)

 

(၂) (၃၈)ဖြာမင်္ဂလာတရားတော်

 

(၃) လောကနီတိနှင့်ဗုဒ္ဓအကြောင်း

 

(၄) ပါရမီဆယ်ပါး

 

(၅) ဒုစရိုက်ဆယ်ပါး

 

(၆) သုစရိုက်ဆယ်ပါး

 

(၇) ပုညကြိယဝတ္ထု

 

(၈) ဒုလ္လဘတရားငါးပါး

 

(၉) မေတ္တာတရား

 

(၁ဝ) ဘာသာရေးဗဟုသုတ

 

(အမှတ် ၁၊ ၂၊ ၃)

 

(၁၁) အင်္ဂုတ္တိုရ်

 

(၁၂) ဓမ္မပဒဝတ္ထု(အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅)

 

(၁၃) ဇာတ်ဝတ္ထုငါးရာ့ငါးဆယ်

 

(၁၄) ထွားဗားတဲင်သေ

 

စသည်တို့မှာ ဗုဒ္ဓတရားတော်များကို အခြေခံ၍ ပြုစုရေးသားထားသော ပအိုဝ်းစာပေကျမ်းများ ဖြစ်ပါသည်။

 

ပအိုဝ်းတိုင်းရင်းသားစာပေများ ပြန့်ပွားရေးအတွက် တက္ကသိုလ်များမှ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ မြို့နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ဖွဲ့စည်းထားပြီး ၎င်းအဖွဲ့များကို စုစည်းဖွဲ့စည်းထားသော ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)ဟူ၍ ပြန်လည်ဖွဲ့စည်းထားပါသည်။

 

ပအိုဝ်းတိုင်းရင်းသားများတွင် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဝတ်စားဆင်ယင်မှု၊ ဘာသာစကား၊ ပအိုဝ်းရိုးရာတူရိယာ၊ ပအိုဝ်းရိုးရာအကများ ပိုင်ဆိုင်ထားသောလူမျိုးစု ဖြစ်ပါသည်။ ထို့ပြင် သူရိယစန္ဒာမင်းသည် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သောကြောင့် ကျေးဇူးတရားကို အောက်မေ့ကာ နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် နှစ်စဉ်မပျက် ကျင်းပလျက်ရှိပါသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် သီးခြားလူမျိုးဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

 

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ နောင်တရား ပရိယတ္တိစာသင်တိုက်၌ (၃၄) ကြိမ်မြောက် ပအိုဝ်းစာပေဆရာဖြစ်သင်တန်းကို ပအိုဝ်းစာပေ ပြန့်ပွားရေးဗဟိုသံဃာအဖွဲ့မှ ကြီးမှူးပြီး မေ ၂ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည်။ အဆိုပါ ပအိုဝ်းစာပေဆရာဖြစ်သင်တန်းတွင် တောင်ပေါ်မြေပြန့် ပအိုဝ်းတိုင်းရင်းသားအားလုံး ပါဝင်တက်ရောက်သင်ကြားခဲ့သည်။ သင်တန်းကာလ ရက်သတ္တပတ်ကြာမြင့် သော်လည်း ပအိုဝ်းတိုင်းရင်းသားများကို ဗုဒ္ဓယဉ်ကျေးမှုနှင့်အညီ လိမ္မာရေးခြားရှိအောင် ကထိက ဆရာတော်ကြီးများက ဆုံးမဩဝါဒ မိန့်ကြားခြင်း၊ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု၊ မိမိစာပေကို ပိုမိုချစ်မြတ်နိုးအောင် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ သင်တန်းတက်ရောက်ပြီးသော သင်တန်းသား များသည် မိမိရပ်ရွာဒေသအတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများကို ပအိုဝ်းစာပေတတ်မြောက်ရေးအတွက် ပြန်လည်ပို့ချပေးလျက်ရှိသည်။

 

ပအိုဝ်းစာပေ ဆရာဖြစ်သင်တန်း ဖြစ်မြောက်ရေးအတွက် ပအိုဝ်းတိုင်းရင်းသား တစ်ရပ်လုံးက အလှူငွေများထည့်ဝင်လှူဒါန်း ပေးခဲ့ကြသည်။ ရပ်ဝေးမှ သင်တန်းသားများအတွက် နေရာထိုင်ခင်းများကိုလည်း အစုံအလင်စီစဉ်ထားရှိကြပါသည်။ သင်တန်းသား ၂၈ဝဝဝ ကျော်နှင့် ဧည့်ပရိသတ်များ၏ စားသောက်ရေးအတွက် ရပ်ဝေးရပ်နီး ပအိုဝ်းတိုင်းရင်းသားများက အလှည့်ကျဧည့်ခံ ကျွေးမွေးလျက်ရှိသည်။ သင်တန်းသားများသည်လည်း သင်တန်းချိန်တွင် ညီညာစီတန်းပြီး စည်းကမ်းပြည့်ဝကာ စည်းလုံးညီညွတ်စွာဖြင့် လေ့လာသင်ကြားနေသည်ကို လေ့လာတွေ့ရှိရသည်။ ထို့ပြင် သင်တန်းဆင်းပွဲတွင်လည်းရိုးရာဂီတ၊ ယဉ်ကျေးမှုအကအလှများဖြင့် တင်ဆက်ဖျော်ဖြေပြီး ပွဲတော်တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက မိမိတို့၏ ရိုးရာဝတ်စုံကိုဝတ်ဆင်၍ ပွဲတော် တက်ရောက်လာကြသည်မှာ အားရကျေနပ်ဖွယ် တွေ့မြင်နေရသည်။

 

ပအိုဝ်းစာပေဆရာဖြစ်သင်တန်း၌ ပအိုဝ်းတိုင်းရင်းသားများ၏ မိမိစာပေချစ်မြတ်နိုးမှု၊ ဘာသာတရားကိုင်းရှိုင်းမှု၊ စည်းလုံးညီညွတ်မှု၊ ရိုးသားမှု၊ စည်းကမ်းရှိမှု၊ သဒ္ဓါတရားထက်သန်မှုနှင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်မှု များကို လေ့လာတွေ့မြင်ရမည် ဖြစ်ပါသည်။ ထိုကြောင့် (၃၄) ကြိမ်မြောက် ပအိုဝ်းစာပေဆရာဖြစ်သင်တန်းကို အောင်မြင်စွာကျင်းပနိုင်ခြင်းအတွက် အားရဂုဏ်ယူဝမ်းမြောက်ကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။    ။

 

ကျမ်းကိုး - ပအိုဝ်းသမိုင်း