ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ဘာသာစကား သင်တန်းဆင်းပွဲ ကျင်းပ

ကျောက်ကြီး ၁၀  မေ 

 

ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ဘာသာစကား သင်တန်းဆင်းပွဲ့ကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ကပ်ကျေးဆိပ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။ 

 

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ပအိုဝ်းစာပေယဉ်ကျေးမှု့အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်စိုး က အဖွင့်အမှာစကား ပြောကြားပြီး ကျောက်တံခါးမြို့နယ် ပအိုဝ်းတိုင်းရင်းသား စာပေယဉ်ကျေးမှု့ ကော်မတီမှ ဦးသြဘာသ က မိမိတို့ သင်ကြားပို့ချထားတဲ့ စာပေနှင့် ဘာသာစကားကို အမြဲမပြတ် ပြန်လည်ပြီး စကားပီသအောင်၊ ပြောတတ်အောင်၊ မေးမြန်းဆွေးနွေးကြစေလိုကြောင်း၊ မိဘများကလည်း ရိုးရာမပျောက်အောင် သား/သမီးများအား လက်ဆင့်ကမ်းသင်ကြား ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

ယခုသင်တန်းကို ၄ လပိုင်း ၁၈ ရက်နေ့ မှ ၅ လပိုင်း ၅ ရက်နေ့အထိ ပအိုဝ်းတိုင်းရင်းသား ၁၀၅ ဦး ကို သင်ကြားပို့ချနိုင်ခဲ့ပြီး သင်တန်းဆင်း လက်မှတ်များ ပြန်လည်ပေးအပ်ခဲ့ကာ ပအိုဝ်းရိုးရာ တီးရီးရော့ အကဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။ 

 

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကျောက်ကြီးမြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး ပအိုဝ်းစာပေ ယဉ်ကျေးမှု့အဖွဲ့များ၊ ဒေသခံ ပအိုဝ်းတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

 

ပဲခူးတိုင်း အတွင်း၌ ပအိုဝ်းတိုင်းရင်းသားများ (၆)မြို့နယ်၌ရှိပြီး ကျောက်ကြီးမြို့နယ်တွင် ကပ်ကျေးဆိပ်ကျေးရွာ တစ်ရွာ၌သာရှိကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)