ပဲတီစိမ်း(ရွှေဝါ) အသစ်များ မန္တလေးဈေးကွက်သို့ ပေါ်ဦးပေါ်ဖျား စတင်ဝင်ရောက်လာ

မန္တလေး  ၃၀  ဒီဇင်ဘာ 

ပဲခူးတိုင်းဒေသကြီးမှ စတင်ထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား ပဲတီစိမ်း(ရွှေဝါ) အသစ်များ နှစ်သစ်ကူး အကြိုအဖြစ် မန္တလေးဈေးကွက်သို့ ယခုရက်ပိုင်းအတွင်း စတင်ဝင်ရောက်လာကြောင်း မန္တလေး ပဲကုန်သည်များမှ ပြောကြားသည်။

 

2240

 

''ပဲခူးတိုင်းဒေသကြီးအတွင်းက ဒိုက်ဦး၊ ပဲနွယ်ကုန်း၊ ကျောက်တံတားမြို့နယ်တွေက ထွက်တဲ့ ပဲတီစိမ်း သီးနှံ ကတော့ ၂၀၂၀ ခုနှစ်ကို ကြိုဆိုတဲ့အနေနဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ မန္တလေးဈေးကွက်ကို တစ်နေ့ကို ၁၂ ဘီးယာဉ် ငါးစီးလောက် စတင်ဝင်ရောက်နေပါပြီ။ ရာသီဥတုကလည်း မျှတပြီး အထွက်နှုန်းကလည်း ကောင်းတဲ့အပြင် ဈေးနှုန်းကလည်း မနှစ်က ကာလတူထက် ပိုမိုရရှိနေတယ်။ ဒီပဲတီစိမ်းကို ၂၀၁၉ ခုနှစ် မေလအတွင်းက အိန္ဒိယနိုင်ငံက တန်ချိန်နှစ်သိန်း စာချုပ်ပြီး ဝယ်ယူခဲ့ကြတယ်။ ဒါကြောင့် ၂၀၂၀ ခုနှစ် အတွင်းမှာလည်း အိန္ဒိယနိုင်ငံက စာချုပ်နဲ့ ထပ်မံဝယ်ယူဖို့အတွက် တောင်သူတွေရော ကုန်သည်တွေပါ မျှော်လင့်နေကြတယ် ''ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။

 

2288

 

ထို့ပြင် မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စဉ့်ကူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး မြောင်နှင့် မြင်းမူမြို့နယ်များမှလည်း အညာရွှေဝါ ပဲတီစိမ်းများ စတင်ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းမှာလည်း ယခင်နှစ် ကာလတူထက် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ်တစ်သောင်းနှုန်း ပိုမိုရရှိနေကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးပဲဈေးကွက်၌ ပဲတီစိမ်း(ရွှေဝါ) သုံးတင်းဝင်တစ်အိတ်လျှင် တစ်သိန်းနှစ်သောင်းနှုန်းဖြင့် လည်းကောင်း၊ အညာရွှေဝါပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် တစ်သိန်းတစ်သောင်း ခြောက်ထောင်နှုန်းဖြင့်လည်းကောင်း အရောင်းအဝယ်သွက်လျက်ရှိပြီး လက်ရှိအခြေအနေအရ တရုတ်နိုင်ငံမှ အဓိကဝယ်ယူနေကြောင်း သိရသည်။

ပဲတီစိမ်းသီးနှံကို မြန်မာနိုင်ငံအတွင်း၌ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ရာသီမရွေးစပါးကဲ့သို့ သီးထပ်သီးနှံအဖြစ် တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိပြီး ပြည်ပပို့ကုန်သီးနှံများအနက် မတ်ပဲသည် တင်ပို့မှုအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးသီးနှံမှာ ပဲတီစိမ်းဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)