ပဲတီစိမ်းစိုက်ခင်းများ ရာနှုန်းပြည့်အောင်မြင်ဖြစ်ထွန်းမှု မရှိသော်လည်း စိုက်ခင်းအချို့မှ အသီး၊ အပွင့်များ စတင်ခူးဆွတ်

ပခုက္ကူ  ၁၂   ဇူလိုင်

 

ပခုက္ကူမြို့နယ်၊ မြောက်လူးကန်းကျေးရွာတွင် ပဲတီစိမ်းစိုက်ခင်းများကို မေလဒုတိယအပတ်တွင် စတင်စိုက်ပျိုးကြရာ ရာနှုန်းပြည့်အောင်မြင်ဖြစ်ထွန်းမှု မရှိသော်လည်း  စိုက်ခင်းအချို့မှ အောင်မြင်သည့် ပဲတီစိမ်း အသီး၊ အပွင့်များကို ဇူလိုင်လပထမ အပတ်မှစတင်၍ ခူးဆွတ်နေပြီဖြစ်ကြောင်းသိရသည်။

 

ပဲတီစိမ်းစိုက်ခင်းကို မေလဒုတိယအပတ် မိုးဦးကာလ ကဆုန်လပြည့်ပတ်ဝန်းကျင်လောက်က စတင်စိုက်ပျိုးထားတာပါ၊  ဒေသအခေါ်ကတော့ ရက်လေးဆယ်မျိုးပေါ့၊   စိုက်ပျိုးရေးအခေါ်ကတော့ ရေစင်း(၁၄)မျိုး ဖြစ်ပါတယ်၊ အခုချိန်ဆိုရင် အပွင့်တွေရော၊ အသီးတွေရော ရင့်နေပြီဆိုတော့ စကောက်နေရပါပြီ၊ အခုလောလောဆယ် မှာတော့ ကာလပေါက်ဈေးအနေနဲ့ ပဲတီစိမ်း တစ်တင်းကို သုံးသောင်းကျော်လောက် ပုံမှန်ဈေးရှိပါတယ်၊ ကျွန်တော်စိုက်ပျိုးတာကတော့ အားလုံး (၂၅)ဧကရှိပါတယ်၊ အစောပိုင်းမှာ မိုးပျက်လို့ ဆယ်ဧကလောက် သေသွား(ပျက်စီး)ပါတယ်၊ (၁၅)ဧကလောက်ပဲ နောက်ပိုင်းမိုးကောင်းလို့ ကျန်ခဲ့တာပါ၊ ကျန်ရှိနေတဲ့ ပဲတီစိမ်း စိုက်ခင်းလေးတွေ အောင်မြင်ဖြစ်ထွန်းပါတယ်၊  ဈေးကတော့ မနှစ်နှင့်ဒီနှစ် ပုံမှန်တစ်တင်းကို  သုံးသောင်းကျော် ဈေးပါပဲ၊ ဒီနှစ်မိုးကတော့ ကောင်းတယ်လိုပဲပြောရမှာပေါ့၊ အရင်နှစ်က ဒီချိန် မိုးမရွာလို့၊ မိုးမကောင်းလို့ ပဲတီစိမ်း စိုက်ကို မစိုက်လိုက်ရပါဘူး။ ဒီနှစ်ကျွန်တော်ကတော့ မြေပဲကိုလည်း ဧက(၃၀)လောက်စိုက်ထားပါတယ်၊ နှမ်းကတော့ ဆောင်းရောက်မှစိုက်တယ်ဗျ၊ အခုပဲတီစိမ်းစိုက်ခင်းက အသီး၊ အပွင့်တွေကို ခူးဆွတ်ပြီး ထွန်းစက်နှင့် စိုက်ခင်းပြုပြင်ပြီး ဆောင်းရောက်မှသာ နောက်ထပ်နှမ်းတွေ ထပ်မံစိုက်ပျိုးသွားမှာပါလို့ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာ ပဲတီစိမ်းစိုက်ခင်းပိုင်ရှင် ကိုညွန့်လွင်က ပြောသည်။

 

အဆိုပါကျေးရွာတွင် အိမ်ခြေ (၄၉၅)အိမ်ရှိပြီး တောင်သူဦးရေ (၂၀၀)ကျော်က ပဲတီစိမ်းစိုက်ခင်း ဧကပေါင်း (၅၀၀) ဝန်းကျင်ကို စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ပဲတီစိမ်းများကို မိုးဦးကာလတွင်သာ  အားထားစိုက်ပျိုးကြရပြီး တစ်ဧကလျှင် လယ်ထွန်းစရိတ်၊ စိုက်ပျိုးစရိတ်၊ ဓာတ်မြေဩဇာထည့်စရိတ်၊ ပိုးသတ်ဆေးဖျန်းစရိတ်နှင့် ပေါင်းသင်းစရိတ် အားလုံးစုစုပေါင်း တစ်ဧကလျှင် ငါးသောင်းဝန်းကျင်ကုန်ကျလျက်ရှိကြောင်း၊ ကျေးရွာအတွင်း စုစုပေါင်းဧက (၅၀၀)ဝန်းကျင် မိုးပျက်သောကြောင့် ပျက်စီးသည့် စိုက်ခင်းများရှိပြီး နောက်ပိုင်းမိုးကောင်းလာ သောကြောင့် အောင်မြင်ဖြစ်ထွန်းသည့် ပဲတီစိမ်းစိုက်ခင်းဧက (၂၀၀) ကျော်သာရှိကြောင်း၊ ပဲတီစိမ်း အအောင် မြင်ဆုံးစိုက်ခင်းမှ တစ်ဧကလျှင် ဆယ်တင်းထွက်ရှိပြီး အသင့်အတင့်အောင်မြင်သည့် စိုက်ခင်းများမှ တစ်ဧကလျှင် အနည်းဆုံးသုံးတင်းမှ ၅တင်းအထိ ထွက်ရှိကြောင်း၊ အောင်မြင်ဖြစ်ထွန်းသော ပဲတီစိမ်းများကို လည်း ခူးဆွတ်၊ ခြွေလှေ့စရိတ်အဖြစ် တစ်တင်းလျှင် တစ်သောင်းနှုန်းဖြင့် အလုပ်သမားငှားရမ်းခပေးရသောကြောင့် စိုက်ပျိုးခဲ့ သည့် စိုက်ခင်းအားလုံးကုန်ကျစရိတ်နှင့် ခူးဆွတ်ပြီးရရှိလာသည့်အမြတ်များ နှိုင်းယှဉ်တွက်ကြည့်ပါက ရာနှုန်း ပြည့်အောင်မြင် ဖြစ်ထွန်းမှုမရှိကြောင်း အဆိုပါကျေးရွာမှ ပဲတီစိမ်းစိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောပြသည်။

 

ဆလိုင်းကိုကီး

 

mdn