ပဲတီစိမ်းစျေးကွက် စျေးနှုန်းအပြောင်းအလဲမရှိနိုင်

မန္တလေး ၂၀ ဇွန်

 

မန္တလေး ပဲ၊ နှမ်း စျေးကွက်မှာ ပဲတီစိမ်းစျေးနှုန်း အပြောင်းအလဲ သိပ်မရှိနိုင်ကြောင်း ပဲ၊ နှမ်း ကုန်သည်ကြီးများထံမှ သိရသည်။

 

“ပဲတီစိမ်းစျေးကွက်မှာ စျေးနှုန်းတွေ ထိုးတက်သွားခြင်း မရှိနိုင်သလို စျေးနှုန်းတွေ ထိုးကျသွားတာလည်း မရှိနိုင်ဘူး။ စျေးနှုန်း အတက်အကျ အပြောင်းအလဲ အနည်းငယ် ဖြစ်ပွားနေနိုင်တယ်” ဟု ဝါရင့် ပဲ၊ နှမ်း ကုန်သန်ကြီး တစ်ဦးဖြစ်သူ ဦးကျော်သွင်က ပြောသည်။

 

ဇွန်လအစောပိုင်း ကာလများတွင် ပဲတီစိမ်း အညာ (၃) တင်းဝင်း တစ်အိတ်လျှင် ငွေကျပ် ၉၅၀၀၀ ကျပ် (ဝန်းကျင်) အထိ စျေးနှုန်းများ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ငွေကျပ် တစ်သိန်းကျော်ဖြင့် ပုံမှန်စျေးကွက် အနေအထားသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်နှစ် ဇွန်လအစောပိုင်းကာလများတွင် အညာ ပဲတီစိမ်းများ စျေးကွက်သို့ ဝင်ရောက်ချိန်တွင် သုံးတင်းဝင် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ် အထက်တွင် စျေးကွက်ဖြစ်တည်ခဲ့သော်လည်း ယခုနှစ်၌ ငွေကျပ် တစ်သိန်းအောက်သို့ စျေးနှုန်းကျဆင်းခဲ့သေးကြောင်း သိရသည်။

 

ပဲတီစိမ်းကို တရုတ်နိုင်ငံမှ အဓိကဝယ်ယူနေကြောင်း သိရသည်။

 

ဖြိုးအိ