ပွဲရုံများပိတ်သိမ်းထားမှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှတောင်သူများ အခက်တွေ့နေ

မန္တလေး  ၂၂  ဧပြီ

ကိုဗစ်-၁၉ ရောဂါကြောင့် ပွဲရုံများပိတ်ထားရပြီး မန္တလေးတိုင်းအတွင်းက လယ်ယာတောင်သူများ အခက်တွေ့နေကြောင်း  တောင်သူများက ပြောသည်။
 
ယခုအချိန်သည် ကျွန်းမြေ၌ စိုက်ပျိုးကြသည့် လယ်ယာတောင်သူများအနေဖြင့် မြေပဲသီးနှံမျိုးစုံ ပေါ်ချိန်ဖြစ်ပြီး သိမ်းယူနေကြစဉ်ပွဲရုံများ ကုန်စည်ဒိုင်များ ယာယီပိတ်သွား၍ ရောင်းချရန် အခက်အခဲရှိနေကြောင်း သိရသည်။

"တောင်သူဆိုတာ ကိုင်းဆင်းရင် ငွေတိုးနဲ့ဆင်းပြီး ကိုင်းပေါ်ချိန်ပြန်ပေးရတာ။ ဒီနှစ်ကိုင်းပေါ်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါက ဖြစ်လိုက်တော့ ပဲတွေကမရောင်းရ အတိုးတွေကလည်းတက်နဲ့ အခက်အခဲဖြစ်တာပေါ့" ဟု ဟသာ်မကျေးရွာမှတောင်သူ ဦးကျော်မြင့်က ပြောသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းကို လျော့နည်းစေရန် မန္တလေးမြို့အတွင်းရှိ ပွဲရုံများနှင့်ကုန်စည်ဒိုင်ကို ဧပြီ ၇ ရက်နေ့တွင် စတင်၍ ယာယီပိတ်ထားရန် တိုင်းအစိုးရ အဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ပိတ်ထားရမည့် သက်တမ်းကို ဧပြီ ၃၀ ရက်နေ့အထိ တိုးမြှင့်ထားကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

မြို့ပေါ်မှ ပွဲရုံများ ပိတ်ထားသော်လည်း နယ်များတွင် ပွဲရုံတချို့ဖွင့်လှစ်ပြီး ပဲမျိုးစုံကို ဈေးနှိမ်ဝယ်ယူနေကြောင်း တောင်သူများက ပြောသည်။

ဖြိုးအိ