ပဲပုပ်နှင့် ပဲပိစပ်တွင် မည်သည်ကဆီထုတ်နိုင်သော  ပဲဖြစ်ပါသလဲ (Soybean oil က  ပဲပုပ်ဆီလား၊ ပဲပိစပ်ဆီလား)  

ဆောင်းပါး - (မျိုးသူ၊ ကုန်သွယ်မြှင့်)

ပဲဆိုသည်မှာ

မြန်မာနိုင်ငံတွင် ပဲအမျိုးစုံရှိပါသည်။ ပဲများ၏ မူရင်း ဒေသမှာ အာရှတိုက်ဖြစ်သည်ဟု ဆိုပါသည်။ ပဲများ ကို အင်္ဂလိပ်အခေါ်အဝေါ်အားဖြင့် Legume ဟု ခေါ်ပါသည်။ Pea, Pulse, Bean, gram, Lentil စသဖြင့်လည်း ခေါ်ဝေါ်မှုများရှိကြပါသည်။ Legume ဆိုသည်မှာ  ပဲပင်ကို ခေါ်ခြင်းဖြစ်ပြီး Fabaceae family မျိုးရင်းဝင်   အပင်များပါဝင်ကြပါသည်။ ပဲမျိုးစုံသည် ကောင်းသတင်းများပြားပြီး  အစား အစာ၊ တိရစ္ဆာန်အစားအစာနှင့် အခြားမုန့်ပဲသရေစာ အမျိုးမျိုးတို့ကို ထုတ်လုပ်ကြပါသည်။ ပဲမှ အစား အသောက် အမျိုးမျိုးကိုလုပ်ရာတွင် ပဲဟု မြန်မာလို ခေါ်ဆိုသော ပဲနှစ်မျိုးမှ ဆီထုတ်လုပ်ကြသည်ကို တွေ့ရပါသည်။ အဆိုပါ ပဲနှစ်မျိုးမှာ မြေပဲ(ground nut or pea nut)နှင့် ပဲပုပ်(Soya Bean or Soy Bean)တို့ ဖြစ်ကြပါသည်။ သို့ဖြစ်၍ ထိုပဲနှစ်မျိုးကို ဆီထွက်သီးနှံများတွင်လည်း  ထည့်သွင်းထားတတ် ပါသည်။ မြေပဲ၏ သိပ္ပံအမည်မှာ  Arachis hypogea ဖြစ်ပြီး မျိုးရင်းမှာ Fabaceae ဝင်ဖြစ်သဖြင့် ပဲမျိုး ရင်းတွင် ပါဝင်ပါသည်။ ပဲပုပ်ကို Soybean or Soja bean or Soya bean ဟုခေါ်ကြပြီး သိပ္ပံအမည်မှာ Glycine max  ဖြစ်ပါသည်။    ပဲပုပ်သည်လည်း Fabaceae မျိုးရင်းဝင်   ပဲမျိုးပင်ဖြစ်ပါသည်။ ထို့ကြောင့်  မြေပဲနှင့်ပဲပုပ်တို့ကို  ပဲမျိုးများတွင်ပင် ထားသင့်သည်ဟု  ထင်ပါသည်။  ပဲပုပ်အကြောင်းရေးသားခဲ့ကြသည်များ အများအပြားရှိပြီး ပဲပုပ် သည် ကမ္ဘာ့အရေးအကြီးဆုံးသီးနှံ ၁၀ မျိုးတွင်လည်း နံပါတ် ၆ တွင် ချိတ်သော သီးနှံဖြစ်ပါသည်။ ကမ္ဘာ့ အရေးအကြီးဆုံးသီးနှံ ၁၀ မျိုးမှာ ပြောင်း၊ ဂျုံ၊ ဆန်၊ အာလူး၊ ပီလောပီနမ်၊ ပဲပုပ်၊ ကန်စွန်းဥ၊ နှံစားပြောင်း၊ ဝဥနှင့်ချက်စားရသော   ငှက်ပျောသီးတစ်မျိုးဖြစ် သော Plantains တို့ဖြစ်ပါသည်။ 

Horse Gram ခေါ် ပဲပိစပ်

မြန်မာအမည်  ပဲပိစပ်ကို  ဟိန္ဒူလို Kulthi/ Hulthi (ကူလ်သီ/ဟူလ်သီ)ဟုခေါ်ပါသည်။  တမီလ် စကားတွင်   Kollu (ကူလ်လူ)ဟု   ခေါ်ပါသည်။ အင်္ဂလိပ်လိုအားဖြင့် Horse gram မြင်းစားပဲ၊ မြင်းပဲ ဟု ခေါ်ပါသည်။ သိပ္ပံအမည်အားဖြင့် Macrotyloma uniflorum ဟု ခေါ်ပါသည်။ မျိုးရင်းမှာ Legume ပဲမျိုးရင်းတွင် ပါဝင်ပါသည်။ မြင်းပဲ၊ မြင်းစားပဲဟု အဘယ်ကြောင့်ခေါ်သည်ကို   လေ့လာကြည့်ရာ ပဲပိစပ်မှာ ပရိုတင်းဓာတ်ကြွယ်ဝသဖြင့် ပြိုင်မြင်းများ ကို ကျွေးမွေးရာမှ ဈေးကွက်တွင် မြင်းစားပဲ ၊ horse gramဟု ခေါ်ဝေါ်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။ အိန္ဒိယနိုင်ငံတွင် စိုက်ပျိုးသည်မှာ လွန်လေပြီးသော ရှေးဟောင်းခေတ်များဆီကပင်ဖြစ်သည်ဟု သိရ ပါသည်။ ထို့နောက် အရှေ့တောင်အာရှ၊ အာရှကျွန်း ဆွယ်နှင့် အာဖရိကအပူပိုင်းဇုန်များသို့ ပျံ့နှံ့သွား ပါသည်။ အမေရိကန် အမျိုးသားသိပ္ပံ အကယ်ဒမီ က  ယခု  ပဲပိစပ်ကို အနာဂတ်တွင်   အလားအလာ ကောင်းသော    အာဟာရကြွယ်ဝသည့်    အစား အသောက်  တစ်ခုအဖြစ် သတ်မှတ်ထားပါသည်။ မိုးခေါင်ရေရှားခြင်းကို ခံနိုင်ရည်ရှိသော ပဲတစ်မျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပဲပိစပ်ကို အနည်းငယ် သာစိုက်ပျိုးပြီး   ပဲပိစပ်ပဲမှ   ထုတ်လုပ်သည့် စားသောက်ကုန်မှာ ပုန်းရည်ကြီးဖြစ်ကြောင်း သိရ ပါသည်။ သို့ရာတွင် ကမ္ဘာပေါ်တွင် အိန္ဒိယတိုက်ငယ် ၌သာ များများစားစားစိုက်ပျိုးပြီး  မြန်မာနိုင်ငံကဲ့သို့ အရှေ့တောင်အာရှ    ဒေသနိုင်ငံများတွင်လည်း အနည်းငယ်စိုက်ပျိုးသည်ဟု သိရပါသည်။ များများ စားစား စိုက်ပျိုးထုတ်လုပ်ခြင်းလည်း မရှိကြောင်း တွေ့ရပါသည်။ 

ပဲပိစပ်တွင် ပါဝင်သော အာဟာရဓာတ်များ

ပဲပိစပ်ခေါ်  horse gram တွင်  ထူးထူးခြားခြား ပရိုတင်းဓာတ်များစွာပါဝင်ပါသည်။    ၁၇ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၅ ဒသမ ၃ ရာခိုင်နှုန်းအထိ ပါဝင်သည် ဟု ဆိုပါသည်။ ကာဗိုဟိုက်ဒရိတ်မှာ ၅၁ ဒသမ ၉ မှ ၆၀ ဒသမ ၉ ရာခိုင်နှုန်းအထိလည်းကောင်း၊  အမိုင်နို  အက်စစ်၊   စွမ်းအင်နှင့်  သံဓာတ်များနှင့်  လိုင်ပေ့ စသော ဓာတ်များပါဝင်ကြပါသည်။ ထူးခြားချက်မှာ ဆီပါဝင်မှုသည် ၀ ဒသမ ၅ ရာခိုင်နှုန်းသာ  ပါဝင် သဖြင့် ပဲပိစပ်မှ ဆီထုတ်ယူခြင်းမရှိကြပါ။ 

Soybean ခေါ် ပဲပုပ်၏ သမိုင်း

ပဲပုပ်၏  ဇာတိသည်  အရှေ့အာရှ ဖြစ်သည်ဟု ဆိုပါသည်။  အရှေ့အာရှတစ်လွှားတွင်  ကျယ်ပြန့် စွာ စိုက်ပျိုးကြပြီး အစားအသောက်အဖြစ် အမျိုးစုံ ပြုလုပ်သုံးစွဲကြပါသည်။   တရုတ်တောင်သူများသည် ဘီစီ ၁၁၀၀  ကတည်းက   စိုက်ပျိုးခဲ့ကြသည်ဟု ဆိုပါသည်။ ၁၇၆၅ ခုနှစ်တွင် တရုတ်နိုင်ငံမှ ပဲပုပ် မျိုးစေ့သည်  ဗြိတိသျှ ဂျော်ဂျီယာနယ်သို့ ရောက်ရှိ စိုက်ပျိုးခဲ့ကြောင်း  သိရသည်။  ထိုအချိန် မတိုင်မီ ကပင်  ပဲပုပ်ဆော့စ်သည် ဥရောပနှင့် ဗြိတိသျှကိုလိုနီ နယ်များတွင် ပေါ်ပြူလာဖြစ်ခဲ့သည်ဟု သိရသည်။   ၁၈၇၀ခန့်တွင်   ပဲပုပ်သည်   ပိုမိုကျော်ကြားလာပြီး တောင်သူများသည် တိရစ္ဆာန်အစာအဖြစ် စိုက်ပျိုး လာကြသည်။  ပူနွေးစွတ်စိုသည့် မြောက်ကယ်ရို လိုင်းနားပြည်နယ်နှင့် ကိုက်ညီပြီး  ပိုမိုစိုက်ပျိုးလာကြ ပါသည်။ ထို့နောက်ပိုင်း ရာစုနှစ်များတွင် အမေရိကန်   စိုက်ပျိုးရေးဌာန United States Department of Agriculture မှ ပဲပုပ်နှင့်ပတ်သက်၍    စမ်းသပ်မှုများ ပြုလုပ်ပြီး တိရစ္ဆာန်အစားအစာအဖြစ်စိုက်ပျိုးရန် အားပေးခဲ့ပါသည်။ ထို့နောက်  ၁၉၀၄  ခုနှစ်ခန့် တွင် အမေရိကန် လူမည်း ဓာတုဗေဒသိပ္ပံပညာရှင်  George Washington Carver ဆိုသူက (ကျွန်တော် ကြိုက်နှစ်သက်သော Mobile Business School ပုံစံကို မြင်းလှည်းဖြင့်  အမေရိကန်တောင်ပိုင်းတွင်  လှည့်လည်ကာ ပညာပေးခဲ့သူလည်း  ဖြစ်ပါသည်) ပဲပုပ်တွင် ပရိုတင်းနှင့် ဆီဓာတ်များစွာပါဝင်သည်ကို  တွေ့ရှိခဲ့ပါသည်။ ထို့ပြင် အမေရိကန်တောင်ပိုင်းတွင် ဝါဂွမ်းကို အကြီး အကျယ်စိုက်ပျိုးခဲ့ပြီး    နှစ်စဉ်   ဆက်တိုက်စိုက်ပျိုးခဲ့သဖြင့် မြေဆီခန်းခြောက်ကာ အထွက်ကျဆင်းခြင်းနှင့် ပိုးကျခြင်းများ ဖြစ်လာသည် ကို တွေ့ရပါသည်။ ထိုသို့ ဖြစ်လာသည်ကို  ကာကွယ် ရန်အတွက် သုံးနှစ်လျှင် ဝါဂွမ်းကို တတိယနှစ်တွင်မှ စိုက်ပျိုးပြီး  ပထမနှစ်နှစ်တွင်  ပဲပုပ်၊   မြေပဲနှင့် ကန်စွန်းဥတို့ကို   စိုက်ပျိုးရန်   လှုံ့ဆော်ခဲ့သည်။ ထိုအချိန်က  ၎င်းတာဝန်ယူခဲ့သည့်   စိုက်ပျိုးရေး ကျောင်းပိုင်မြေများတွင် နမူနာပြစိုက်ပျိုးပြသခဲ့ပြီး     ၎င်းပြောသကဲ့သို့   လိုက်လံစိုက်ပျိုးသူများသည် လည်း   အကျိုးထူးများ  ရရှိခဲ့ကြသည်။   ထို့ပြင် George Washington Carver  သည်   မြေပဲနှင့်   ပဲပုပ်မှ ထုတ်လုပ်နိုင်သော စားသောက်ကုန်အမျိုး ပေါင်း နှစ်ရာကျော်ကိုလည်း စမ်းသပ်ထုတ်လုပ်ပြသ ပြီး  တန်ဖိုးမြှင့်ထုတ်ကုန်များ   ထုတ်လုပ်နိုင်ရန်     လုပ်ဆောင်ခဲ့သည်။     ပူးတွဲ တည်ထောင်သူအဖြစ် ပါဝင်သော William Morse  သည်   အမေရိကန် ပဲပုပ်အသင်း American  Soybean Association  တွင် ၁၉၁၉ ခုနှစ်၌ ဥက္ကဋ္ဌဖြစ်လာပါသည်။ ထိုအချိန် က ပဲပုပ်မျိုးပေါင်း ၂၀ ခန့်ကို စိုက်ပျိုးကြကြောင်း    မှတ်တမ်းတင်ထားနိုင်ခဲ့ပါသည်။  William Morse  သည် ၁၉၂၉ တွင် တရုတ်နိုင်ငံမှ မျိုးပေါင်း ၁၀၀၀၀ ကျော်ကို ရယူမှတ်တမ်း တင်နိုင်ခဲ့သည်ဟု သိရပါ သည်။ ထို့ပြင် ၁၉၅၃ ခုနှစ်တွင် Henry Ford သည်   ပဲပုပ်မှ  ပလတ်စတစ်ကို ထုတ်လုပ်ပြီး    ထိုအချိန်က    ၎င်းထုတ်လုပ်သည့် ဖို့ဒ်ကားများတွင်   သုံးစွဲခဲ့သည် ဟု  သိရပါသည်။  အမေရိကန်သည် ပဲပုပ်ထုတ်လုပ်မှု တွင် ထိပ်ဆုံးသို့ ရောက်ရှိလာသကဲ့သို့ ပဲပုပ်၏ မူလ ဇာတိဖြစ်သော တရုတ်နိုင်ငံသည်လည်း ပဲပုပ်အများ အပြားကို စိုက်ပျိုးထုတ်လုပ်ကြသည်။ 

ပဲပုပ်၏သိပ္ပံအမည်မှာ Glycine max ဖြစ်သည်။ ပဲပုပ်သည်လည်း Fabaceae မျိုးရင်းဝင် ပဲမျိုး ပင်ဖြစ်ပါသည်။     အာဟာရဓာတ်ကြွယ်ဝသည့် အတွက်   ပဲပုပ်သီးနှံသည်   အရသာကောင်းပြီး စားသုံးမှုများပြားသော   သီးနှံတစ်မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးမှု  များပြားသဖြင့် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်သမျှသည် ပြည်တွင်း ဈေးကွက်တွင်သာ ကုန်ဆုံးပြီး ပြည်ပသို့ တင်ပို့နိုင် ခြင်းမရှိချေ။ မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက် နိုင်ငံဖြစ်သော  တရုတ်နိုင်ငံသည် ပဲပုပ်စားသုံးမှု အလွန်များပြားသည့်အပြင်   စားသုံးဆီအဖြစ်ပါ ထုတ်လုပ်စားသုံးသဖြင့်    ကြီးမားသောပဲပုပ် ဈေးကွက်ကြီးဖြစ်ပါသည်။  သို့ရာတွင်  မြန်မာနိုင်ငံ အနေဖြင့်   တရုတ်နိုင်ငံအကြိုက်  ပဲပုပ်များကို  ကောင်းစွာစိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းမရှိသည်ကို တွေ့မြင်နေရပါသည်။ 

ပဲပုပ်တွင်ပါဝင်သော အာဟာရဓာတ်များ

ပဲပုပ်တွင် အဓိကပါဝင်သော  အာဟာရဓာတ်မှာ ပရိုတင်းဓာတ်ဖြစ်သည်။ အခြားသော ကောင်းမွန် သည့် ဆီနှင့် carbs တို့လည်းပါဝင်သည်ကို တွေ့ရ သည်။ ပြုတ်ထားသော ပဲပုပ် ၁၀၀ ဂရမ်( ၃ ဒသမ ၅ အောင်စ)တွင်ပါဝင်သည့် အာဟာရဓာတ်များမှာ-ကယ်လိုရီ ၁၇၃၊ ရေဓာတ် ၆၃ ရာခိုင်နှုန်း၊ ပရိုတင်း ၁၆ ဒသမ ၆ ဂရမ်၊Carbs ၉ ဒသမ ၉ ဂရမ်၊ သကြား ဓာတ် ၃ ဂရမ်၊ ဖိုင်ဘာ ၆ ဂရမ်၊  ဆီဓာတ် ၉ ဂရမ် (Saturated=1.3 grams, Monounsaturated, 1.98grams,Polyunsaturated = 5.06 grams, Omega-3 = 0.6 grams and Omega-6 = 4.47grams) တို့ဖြစ်သည်။     ထို့ကြောင့်    ဆီဓာတ်  ၀ ဒသမ ၆ ရာခိုင်နှုန်းသာပါဝင်သော  ပဲပိစပ်နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ ပဲပိစပ် (Horse Gram)မှ ဆီမထုတ်နိုင်ပါ။ ပဲပုပ်(Soybean or Soya Bean)မှသာ ဆီထုတ်ပါသည်။ ဂူးဂဲလ်တွင် Soybean or Soya Bean ၏ အဓိပ္ပာယ်ကို  ရိုက်ကြည့်လျှင်လည်း ပဲပုပ်ဟုသာ ပြန်ထားသည်ကို တွေ့နိုင်ပါသည်။ 

ပဲပုပ်ဆီလော၊ ပဲပိစပ်ဆီလော

“ကမ္ဘာ့ပဲပုပ်ဈေးကွက်နှင့်  မြန်မာ့ပဲပုပ်ကဏ္ဍ အတွက်လိုအပ်ချက်များ” ဟူသော  ဆောင်းပါးကို စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးရှိဓာတ်ခွဲခန်း အရာရှိတစ်ဦးဖြစ်သူ CTQM မောင်မောင် က Com- merce Journal တွင် အောက်ပါအတိုင်းရေးသား ထားသည်ကို တွေ့ရပါသည်။ “ပဲပုပ် ဆိုသည်နှင့် မြန်မာတို့သည် ပဲပိစပ်နှင့် လွဲမှားလေ့ရှိတတ်ကြ သည်။  စင်စစ်တွင်  ပဲပုပ်သည် ပဲပိစပ် မဟုတ်ချေ။ အချို့သော ထုတ်ကုန်များတွင် ပဲပုပ်နှင့်ပဲပိစပ်ကို မှားယွင်းစွာ  သုံးနှုန်း၍ ရိုက်နှိပ်ဖော်ပြသည်များ လည်းရှိသည်။ အထူးသဖြင့် ပဲပုပ်ဆီထုတ်လုပ်မှုတွင် အချို့သောအမှတ်တံဆိပ်များသည်  ပဲပိစပ်ဆီဟူ၍ မှားယွင်းစွာဖော်ပြမှုများရှိသည်ကို စိတ်မကောင်း စွာ တွေ့ရပေသည်။ ပဲပုပ်နှင့် ပဲပိစပ်တွင် ဆီကြိတ် လို့ ရသည်မှာ Soybean ခေါ် ပဲပုပ်သီးနှံသာ ဖြစ်သည်။ ပဲပိစပ်ခေါ်  Horse Gram  သည်  ဆီကြိတ်၍မရ၊ ဆီမထွက်နိုင်ပေ၊   အညာဒေသထွက်   ပုံးရည်ကြီး သည်သာလျှင်   ပဲပိစပ်မှထုတ်သော    ထုတ်ကုန်ဖြစ် လေသည်” ဟု ရေးသားထားသည်ကို  တွေ့ရသည်။ အစိမ်းရောင်လမ်းဟူသော   စိုက်ပျိုးရေး website တစ်ခုတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်၌    ဆရာ သုတစိုး(နှစ်ရှည်ပင်) က “ပဲပိစပ်နှင့်ပဲပုပ်” ဟူသော ဆောင်းပါးတွင် “စိုက်ပျိုးရေးဘွဲ့ရတွေ တော်တော် များများ သိကြပါတယ်၊ ခက်တာက ပြင်ပလုပ်ငန်းရှင် တွေ၊  ကျွန်တော်လည်း အမှားတွေ့ရင် မနေတတ် ဘူး။ ပဲဆီကြော်ငြာတွေ ဖတ်မိကတည်းက ရင်ထဲမှာ ကလိကလိဖြစ်နေတာ။ အဲဒါနဲ့ ဘုရင့်နောင်က ဆီစက် ရုံးခွဲကို လယ်ယာစီးပွားမှာပါတဲ့ ခင်လေး(YAU)ရဲ့ ပဲပိစပ်နဲ့   ပဲပုပ်အကြောင်း    ဆောင်းပါးကိုကူးပြီး စာတိုက်က မှတ်ပုံတင်ပို့ခဲ့တယ်”၊  “ပဲပိစပ် ဆီစက်ရုံ ဖွင့်ပွဲတဲ့ အကြီးအကဲတွေ  ဖဲကြိုးဖြတ်ဖွင့်ကြတယ်၊ ဗီနိုင်းတွေ ကြော်ငြာမှာ ပဲပိစပ်ဆီသန့်တဲ့၊  တီဗွီမှာပါ ကြော်ငြာတာနော်။  လောလောဆယ် တွေ့တာက တော့  ရွှေဩဇာကြော်ငြာစာအုပ်မှာ ပဲပိစပ် (ပဲပုပ်)ပင်လို့   စာမျက်နှာ ၇ မှာ  ဓာတ်ပုံနဲ့ပြထားတယ်။ ပဲပိစပ်ကို ဆီကြိတ်လို့  ဆီမထွက်တာကို သူတို့မသိ ကြ၊ ပဲပိစပ်က  ညောင်ဦးမှာ   ပုံးရည်ကြီးလုပ်တာ လေ” စသဖြင့်   ပဲပိစပ်မှ   ဆီကြိတ်မရကြောင်း ရေးသားထားပါသည်။  

ပဲပုပ်ဆီ ထုတ်လုပ်မှု

Soybean Oil သို့မဟုတ် ပဲပုပ်ဆီကို ထုတ်လုပ် သော   နိုင်ငံအလိုက်ကို   လေ့လာကြည့်ရာတွင် တရုတ်နိုင်ငံသည်   ထိပ်ဆုံးတွင်ရှိပြီး  တန်ချိန် ၁၇ ဒသမ ၃၈၂ သန်း  ထုတ်လုပ်ကြောင်း  တွေ့ရပါသည်။ ဒုတိယမှာ အမေရိကန်နိုင်ငံဖြစ်ပြီး တန်ချိန် ၁၁ ဒသမ ၇၈၃ သန်းနှင့်  တတိယဖြစ်သော    ဘရာဇီးနိုင်ငံ မှာ  တန် ၉ ဒသမ ၀၈၆ သန်း  ထုတ်လုပ်ကြောင်း သိရပါသည်။ စတုတ္ထမှာ အာဂျင်တီးနားဖြစ်ပြီး တန် ၈ ဒသမ ၁၅၀ သန်း ထုတ်လုပ်ပါသည်။ အီးယူ ၂၇ နိုင်ငံမှာ  ပဉ္စမဖြစ်ပြီး  တန် ၃ ဒသမ ၀၂၃ သန်း ထုတ်လုပ်ပါသည်။  အမှတ်စဉ်ခြောက်အဖြစ် ကမ္ဘာ့ ပဲပုပ်ဆီ ထုတ်လုပ်သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်၍ တန်ချိန် ၁ ဒသမ ၈ သန်း ထုတ်လုပ်သည်ဟု ဆိုပါ သည်။ မက္ကဆီကိုနိုင်ငံမှာ ကမ္ဘာ့ပဲပုပ်ဆီ ထုတ်လုပ်မှု တွင် အဆင့် ၇ ၌ရှိပြီး တန်ချိန်အားဖြင့် ၁ ဒသမ ၁၈၁ သန်း ထုတ်လုပ်ပါသည်။ ရုရှားဖက်ဒရေးရှင်း သည် အဆင့် ၈ တွင်ရှိပြီး  ထုတ်လုပ်မှုမှာ  တန်ချိန် အားဖြင့် ၀ ဒသမ ၈၉၇ သန်း ထုတ်လုပ်ပါသည်။ အဆင့်ဆင့်အားဖြင့်    အီဂျစ်၊    ဘင်္ဂလားဒေ့ရှ်၊ ပါရာဂွေး၊ ထိုင်းနိုင်ငံ( ထိုင်းနိုင်ငံမှာ အဆင့်အားဖြင့် ၁၂ ဖြစ်ပြီး    ပဲပုပ်ဆီထုတ်လုပ်သည့်    တန်ချိန်မှာ  ၀ ဒသမ ၅၂၀ သန်းရှိသဖြင့်  အလားအလာကောင်း သောအဆင့် ဖြစ်ပါသည်)တို့ ဖြစ်ပါသည်။ ဆက်လက် ပြီးဖော်ပြရလျှင်  ဘိုလီဗီးယား၊ ပါကစ္စတန်၊ ဂျပန်၊ အီရန်၊ ထိုင်ဝမ်၊ တရုတ်၊ ကနေဒါ၊ တူရကီ၊ ယူကရိန်း၊ တောင်အာဖရိက၊  ဗီယက်နမ်၊ အယ်လ်ဂျီးရီးယား၊ တောင်ကိုရီးယား၊  နိုင်ဂျီးရီးယား၊ ဆော်ဒီအာရေဗျ၊ ယူကေ၊ မလေးရှား၊ ကိုလံဘီယာ၊ တူနီးရှားတို့သည့် အဆင့် ၁ မှ ၃၀ အထိ   အစဉ်လိုက်ရှိကြပါသည်။ မြန်မာနိုင်ငံသို့    တင်သွင်းလာသော     Soya Bean oil or Soybean oil  သည်  ပဲပုပ်ဆီသာ ဖြစ်ပါသည်။ ပဲပိစပ်ဆီ  မဟုတ်ပါ။   ထို့ကြောင့်   စားသုံးဆီ တင်သွင်းသူများသည်   ဘာသာပြန်ဆိုမှုများကို များစွာသတိပြုသင့်ကြောင်း   အကြံပေးလိုပါသည်။  ယခုအထိ   အဆိုပါ   ဆီများကို   ပဲပိစပ်ဆီဟုသာ ဈေးကွက်တွင်   တင်၍   ရောင်းချနေသည်ကို ပြန်လည်ပြင်ဆင်သင့်ပါသည်။   အမှားကြာလျှင်  အမှန်ပြင်ရခက်ပါလိမ့်မည်။ 

စားသုံးသူကာကွယ်ရေးဥပဒေ၊ မြန်မာစာဖြင့် ဖော်ပြရေးနှင့် ထင်ယောင်ထင်မှား
စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ဥပဒေ၏အခန်း ၁၈ တွင် ကုန်အညွှန်း  အမှတ်အသားဖော်ပြခြင်း ခေါင်းစဉ် အောက်ရှိ ပုဒ်မ ၄၁ တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း ၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီဖော်ပြရန်  ပြဋ္ဌာန်းထားပါသည်။ အဆိုပါ အချက်၏  အပိုဒ်ခွဲ (ခ)တွင်   ကုန်စည်အမျိုးအမည် ကို   ဖော်ပြရန်   ထည့်သွင်းထားပါသည်။  ထို့ပြင် မြန်မာနိုင်ငံစားသုံးသူ   ကာကွယ်ရေးကော်မရှင် ကလည်း  ညွှန်ကြားချက် ၂/၂၀၁၉  ထုတ်ပြန်၍ ကုန်စည်များ၏   ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍  မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍  တွဲလျက်ဖြစ်စေ  ဖော်ပြရာတွင် ပါဝင်ရ မည့်အချက်များနှင့် အဓိကဖြစ်သော “အမျိုးအမည်” ဖော်ပြရန် ပါဝင်ခဲ့ပါသည်။ ဆိုလိုသည်မှာ နိုင်ငံခြားမှ တင်သွင်းလာသော စားသုံးဆီများကို မြန်မာဘာသာ ဖြင့်ပါ  ဖော်ပြရေးဖြစ်ပါသည်။  ကုန်ပစ္စည်းအမျိုး အမည်၊ အမျိုးအစားကို ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ပြန်ဆိုရမည်ဖြစ်ပြီး ထိုသို့ မြန်မာဘာသာ သို့ပြန်ဆိုရာတွင်  လုပ်ငန်းရှင်အနေဖြင့်  မှန်ကန်အောင်ပြန်ဆိုရမည့်အချက်မှာ  တာဝန်တစ်ရပ်ဖြစ် ပါသည်။ အချို့သော လုပ်ငန်းရှင်များမှာ ထင်ယောင် ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့်  ဖော်ပြ တတ်ကြသဖြင့်  ရိုးသားစွာလွဲမှားသူများအနေဖြင့် စားသုံးသူများအား လေးစားသောအားဖြင့် အမှန် အတိုင်းဖြစ်စေရေးသည် အရေးကြီးပါသည်။ အမှား ကြာလျှင်   အမှန်ပြင်ရခက်ပါသည်။   စားသုံးသူ ကာကွယ်ရေးဥပဒေတွင်          ပုဒ်မ ၂ (ဇ) တွင်    “ ထင်ယောင်ထင်မှားဖြစ်ခြင်းဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သဘာဝ အရည်အသွေးကိုဖြစ်စေ၊   ထုတ်လုပ်မှုဖြစ်စဉ်ကို ဖြစ်စေ၊  ဆောင်ရွက်မှုဖြစ်စဉ်ကိုဖြစ်စေ၊ ဝိသေသ လက္ခဏာကိုဖြစ်စေ၊ သတ်မှတ်ထားသော  စံချိန် စံညွှန်းကိုဖြစ်စေ၊  ရည်ရွယ်ချက်ကိုဖြစ်စေ၊ အရေ အတွက်ကိုဖြစ်စေ  စားသုံးသူကို  လွဲမှားယူဆမှု ဖြစ်စေသော ပြုလုပ်မှုကိုဆိုသည်” ဟု အဓိပ္ပာယ်ဖွင့် ဆိုထားပါသည်။   ထို့ကြောင့်  အင်္ဂလိပ်အမည်မှ မြန်မာအမည်သို့ပြန်ဆိုရာတွင် လွဲမှားမှု ဖြစ်ပေါ် ပါက  အဆိုပါလွဲမှားမှုသည်   စားသုံးသူအတွက် ထင်ယောင်ထင်မှားမဖြစ်စေရန်   လိုအပ်ပါသည်။ လုပ်ငန်းရှင်ဘက်မှ      စားသုံးသူများအတွက် ဆောင်ရွက်ပေးရန်မှာ   အမှန်အတိုင်းသိရှိနိုင်ရန်၊ ရွေးချယ်နိုင်ရန်၊   ဝယ်ယူနိုင်ရန်   ဖြစ်သည့်အတွက် အဆိုပါ ပဲပုပ်နှင့် ပဲပိစပ်လွဲမှားမှုကိုလည်း စားသုံး သူများ အမှန်အတိုင်းသိမြင်စေရေးအတွက် ပြင်ဆင် ပေးနိုင်ပါရန် လုပ်ငန်းရှင်များအား တိုက်တွန်းအပ် ပါသည်ခင်ဗျား။      ။