ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နေရာ ၅၅၁ ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူး ၁၀ ဧပြီ

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်ဖ်တို့ ပူးပေါင်း၍ ပြည်သူများပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အလေ့အထများ ကျင့်သုံးလာစေရန်နှင့် ကိုဗစ်-၁၉  ရောဂါကာကွယ် နိုင်စေရန်ရည်ရွယ်၍  ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  အများပြည်သူနှင့်သက်ဆိုင်သည့် မြို့ပေါ် (၁၀၄)နေရာ၊ ကျေးရွာ (၄၄၇) နေရာ၌ အများသုံးလက်ဆေးစတီးလ်ဘေစင်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန် ဆောင်ရန် ရှောင်ရန် အချက်များပါရှိသော အသိပညာပေး ဗီနိုင်းပိုစတာ၊ လက်ဆေး စတီးလ်ဘေစင်၊ ဆပ်ပြာ၊ Hand Gel နှင့် ရေပုံးရေခွက်များကို အဆိုပါနေရာများသို့ အရောက် အခမဲ့တပ်ဆင် လှူဒါန်းပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးသိန်း ထံမှ သိရသည်။

 

အဆိုပါ အများသုံးလက်ဆေးဘေစင်နှင့် ရေးပစ္စည်းများကို လူစည်ကားသည့် နေရာများဖြစ်သော ဈေးများ၊ ကျန်းမာရေးဌာနများ၊ ရောဂါထိန်းချုပ်ရေးစခန်းများ၊ ဘာသာရေးဆိုင်ရာနေရာများ၊ ခရီးသွားလာရေးဂိတ်များတွင် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ ကျန်းမာရေးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ဝန်ထမ်းများကိုယ်တိုင် လိုက်လံ၍ တပ်ဆင်ဆောင်ရွက် ပေးလျှက်ရှိကြောင်း တိုင်းဦးစီးမှူး ဦးမျိုးသိန်း ကဆက်လက် ပြောပြသည်။

ငြိမ်းသူ(စလင်း)