ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်းမြောင်ဝန်ကြီး နှင့် မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

မင်းလှ ၁၃ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည်  အောက်တိုဘာ ၁၃ ရက် နံနက် ၉  နာရီချိန်က သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံသာယာအုပ်စု၊ ကံသာယာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေးညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

 

တွေ့ဆုံပွဲတွင်ဝန်ကြီး ဦးအောင်ဇော်နိုင်က ဒေသအတွင်းရှိ လမ်း၊ တံတားရေမြောင်းများ ပိုမိုကောင်းမွန်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပြီး လိုအပ်ချက်များကို တင်ပြဆွေးနွေးစေလိုကြောင်း၊ ပြည်သူလူထု၏ အသံများကို လွှတ်တော်ထဲအထိရောက်အောင် ပို့ဆောင်ပေးရန်မှာ ကိုယ်စားလှယ်များ တာဝန်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဒေသတွင်းဆောင်ရွက်ရမည့် လုပ်ငန်းအခက်အခဲများ ရှိပါက ပူးပေါင်းညှိနှိုင်း အဖြေရှာဆောင်ရွက်ကြရန်    မိမိတို့ဒေသအတွင်း အမှန်တကယ် လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ တင်ပြကြစေလိုကြောင်း၊ ဒေသဖွံဖြိုးတိုးတတ်ရေး လိုအပ်ချက်များကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

4

 

ထို့နောက် ဒေသခံပြည်သူများ၏ တင်ပြချက်များဖြစ်သော ကျွဲလမ်းအား ကုန်ထုတ်လမ်းဖောက်လုပ်ပေးရန်၊ ကျေးရွာချင်းဆက် ဂဝံလမ်းခင်းကျင်းပေးရန်၊ အ- လ- က( ခွဲ)တောင်စုကျောင်းအား ကျောင်းအဆင့်မြှင့်တင်ပေးရန်၊ နွေစပါးစိုက်ပျိုးရန် တမံပိတ်ရာတွင် အခက်အခဲရှိခြင်းကြောင့် ရေထိန်းတံခါး ပြုလုပ်ပေးရန်၊ ရေနုတ်မြောင်းပြန်လည်တူးဖော်ပေးရန် အစရှိသော ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြရာ ဝန်ကြီးက ဖြည့်စွက်ရှင်းလင်း ပြောကြားကာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

အလားတူ ကျွဲတလင်းအုပ်စု၊ ကျွဲတလင်းကျေးရွာ၌ မွန်းလွဲ ၁ နာရီချိန်က ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတတ်ရေးတို့ကို ညှိနိုင်းပေါင်း စပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ပေါက်စ (မင်းလှ)