ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း အထက(ဆွာ)နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်

ဆွာ ၁၀ နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ နှစ်ထပ်ကျောင်းဆောင်သစ်(ကံ့ကော်ဆောင်)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ နှစ်ထပ်ကျောင်းဆောင်သစ်(ကံ့ကော်ဆောင်)အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဆရာမကြီး ဒေါ်ဝင်းဝင်းကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်နှင့် ဆွာမြို့ မြို့မိမြို့ဖဦးသိန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ကျော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်တို့က အမှာစကား ပြောကြားကြပြီး ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဆရာမကြီး ဒေါ်ဝင်းဝင်းကြည်က ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျောင်းကော်မတီဥက္ကဌဦးစောထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်မှ ဘင်ခရာ၊ ပန်းပွားနှင့် ကဗျာလွတ်အကအဖွဲ့တို့အား ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပြုလုပ်နိုင်ရန် ဘောလုံးများ ပေးအပ်ခဲ့ကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

အဆိုပါ နှစ်ထပ်ကျောင်းဆောင်သစ်(ကံ့ကော်ဆောင်)သည် အလျားပေ (၁၃၀)၊ အနံပေ(၃၀)၊ အမြင့်(၂၅)ပေရှိ RCနှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေကျပ် (၁၆၅)သန်း ဖြင့် ပန်းတီဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ကာ ၂၀၁၈ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သော်လည်း ရေဘေးဖြစ်ပွားခြင်းကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ယခုမှဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)