ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ဇနီး ရေတာရှည်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် သက်ကြီးပူဇော်ပွဲနှင့် ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော်ဆီမီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

ရေတာရှည်  ၁၄ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ဇနီး ဒေါ်စန်းစန်းမော်တို့သည် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်အတူ ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ဆွာမင်းလမ်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် သက်ကြီးပူဇော်ပွဲ နှင့် ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ဆီမီးပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်ဇနီးဒေါ်စန်းစန်းမော်တို့မှ ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၇ ရွာမှ သက်ကြီးရွယ်အို အဘိုး အဘွား ၇၇ ဦးအား ကန်တော့ခံလက်ဆောင်ပစ္စည်းများနှင့်အတူ ရှိခိုးကန်တော့ပြီး ကျေးရွာအသီးသီးရှိ ဒေသခံ ပြည်သူများအား အာဟာရဒါနဖြင့်ကျွေးမွေးလှူဒါန်းခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်အတူ ဆွာမင်းလမ်းကျေးရွာ၊ ရွာဦးထိပ်ရှိဘုရားအား ဆီမီးထွန်းညှိပူဇော်ပြီး ဖေါင်တော်ပေါ်တွင် သီတင်းသုံးနေသည့် ရှင်ဥပဂုတ္ထမထေရ်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွေးနံ့သာများ ဆက်ကပ် လှူဒါန်းကာ ဖေါင်တော်မြတ်ကို ဆွာချောင်းအတွင်း ရေမျှောပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)