ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ် ကျောက်ကြီးမြို့မရဲစခန်း အချုပ်ခန်းနှင့် မြို့နယ်တရားရုံးတို့အား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေသည် ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီက တောင်ငူခရိုင်တရားသူကြီး၊ ကျောက်ကြီးမြို့နယ် တရားသူကြီးတို့နှင့်အတူ ကျောက်ကြီးမြို့မရဲစခန်း အချုပ်ခန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ကျောက်ကြီးမြို့မရဲစခန်း အချုပ်ခန်းရှိ တရားရုံးစစ်ဆေးဆဲ အချုပ်သားများအား ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားဆောင်ရွက်ထားမှုများ ရှိ/မရှိ၊ အချုပ်တရားခံများ၏ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့် မျှတမှု ရှိ/မရှိ၊ ကျန်းမာရေးပြည့်စုံမှု ရှိ/မရှိ၊ မကျန်းမာပါက ဆေးကုသရန် အခွင့်အရေး ရှိ/မရှိ၊ အမျိုးသမီးအဖော် အစောင့်အရှောက်များဖြင့် ထားရှိခြင်း ရှိ/မရှိ၊ ညှင်းပမ်းနှိပ်စက်မှု ရှိ/မရှိ တို့ကို အချုပ်သားများအား တွေ့ဆုံမေးမြန်းကာ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေသည် ကျောက်ကြီးမြို့နယ် တရားရုံးအား ကြည့်ရှုစစ်ဆေးပြီး အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံကာ အမှုများကို ဥပဒေနှင့်အညီ မြန်မြန်နှင့် မှန်မှန်စစ်ဆေးရန်၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရန်၊ ပြည်သူများနှင့် ဆက်ဆံရာတွင် နူးညံ့သိမ်မွေ့ စိတ်ရှည်သည်းခံ ဆက်ဆံဆောင်ရွက်ကြရန်၊ လုံခြုံရေး၊ သန့်ရှင်းရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန်၊ ရုံးလုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက် လုပ်ကိုင်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)