ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

(မတ်လ (၁၇)ရက်   မွန်းလွဲ ၂  နာရီ  ထုတ်ပြန်ချက်)

=====================

ယနေ့နံနက်  ၉ နာရီခွဲ အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးအနည်းငယ် ရွာခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့သည်။

နေ့အပူချိန်များမှာ ကချင်ပြည်နယ်တွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှ အပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။

ထူးခြားသည့် နေ့အပူချိန်များမှာ မကွေးမြို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည် (လွန်ကျော်)၊ ချောက်မြို့နှင့်တောင်တွင်းကြီးမြို့တို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်စီနှင့် မိတ္ထီလာမြို့၊ လှိုင်းတက်၊ တံတားဦး (လေကြောင်းမိုးလေဝသ)၊ မင်းဘူးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့တွင် (၄၁)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အီကွေတာအနီးအိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး ကနဦးတွင် အရှေ့-အရှေ့မြောက်ဘက်သို့ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းသို့ ရောက်ရှိပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ကပ္ပလီပင်လယ်ပြင် နီကိုးဘားကျွန်းနှင့် ကိုကိုးကျွန်းတို့အနီးတွင်(၂၀.၃.၂၀၂၂)ရက်နေ့၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ (၂၁.၃.၂၀၂၂)ရက်နေ့၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း အားကောင်းလာနိုင်ပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ (၂၂.၃.၂၀၂၂)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(Bangladesh)နှင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရသည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေကာ၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့်  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မိုး/ဇလ