ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး 

ပဲခူး  ဇူလိုင်  ၈

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် ၇ ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၁)ကို  Online Zoom Meeting System  ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက COVID-19 ရောဂါပိုးသည် ကူးစက်မှုအရမ်းမြန်သလို သေဆုံးမှုနှုန်းလည်း မြင့်တက်လျက်ရှိ၍  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအနေဖြင့် အောက်ခြေဝန်ထမ်းများအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ထပ်ဆင့်အသိပေးရန်၊ မိုးရာသီဖြစ်၍ ရေကြီးနိုင်သည့်နေရာများ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ၊ တာကျိုးပေါက်နိုင်သည့် နေရာအား ကြိုတင်စစ်ဆေးထားရန်နှင့် ၎င်းနေရာရှိ ပြည်သူများအား ကြိုတင်သတိပေးထားခြင်းများ စီစဉ်ဆောင်ရွက်ထားရန်၊ လိုအပ်သော သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ သဘာဝဘေးကာကွယ်ရေးပစ္စည်း ကြိုတင်စုဖွဲ့ထားရှိရန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုအဖွဲ့ဝင်များအားလုံး ကျန်းမာရေးသတိ၊ ကျန်းမာရေးအသိရှိရန် လိုအပ်သလို လုံခြုံရေးသတိ၊ လုံခြုံရေးအသိရှိစေနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ ဇွန်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး လမ်းညွှန်မှာကြားချက်များ၏ ကောက်နှုတ်ချက်များအား ဖတ်ကြားရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့၏ ဌာနအလိုက် တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြခဲ့ကြပြီး ကောင်စီအဖွဲ့ဝင်များက ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြကာ ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လုံခြုံရေးဆိုင်ရာညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)