ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့တွင် ငွေကျပ်သိန်း ၇,၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၉ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၅

 

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့တွင် ငွေကျပ်သိန်း ၇,၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၉ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၄ ရက် ညနေ ၆ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပဲခူး-မော်လမြိုင်သွား ကားလမ်း၊ ရွှေသံလွင်စစ်ဆေးရေးစခန်း အနီးတွင် ဘုရားကြီးမှ ဝေါဘက်သို့ မျိုးမြင့်မောင်းနှင်ပြီး စိုင်းသန်းထွဋ်နှင့် မျိုးဇော်အောင်တို့ လိုက်ပါလာသည့် NISSAN MURANO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၇,၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၉၃,၃၅၀ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများကို မန္တလေးတိုင်းဒေသကြီးမှ ကရင်ပြည်နယ်၊ မြန်မာ-ထိုင်း နယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်