ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရွှေသံလွင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ငွေကျပ်သိန်း ၃,၄၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ ၃

 

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရွှေသံလွင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ငွေကျပ်သိန်း ၃,၄၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မော်လမြိုင် သွားကားလမ်းရှိ ရွှေသံလွင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် အောင်မိုးသူ(ခ) သားသား(၂၇) နှစ် မောင်းနှင်လာသည့် NISSAN WINGROAD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃,၄၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၄ သိန်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့သယ်ဆောင်ပြီး ရန်ကုန်မြို့မှတစ်ဆင့် မြိတ်မြို့သို့ ဆက်လက်သယ်ဆောင်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဉပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)