ပဲခူးမြို့၌ လုယက်မှုကျူးလွန်နေသူအား ဖမ်းဆီးရရာမှ အခြားပြစ်မှု ကျူးလွန်ထားသူ ၄ ဦးနှင့် အလားတူ လုယက်မှုကျူးလွန်ထားသူများအား ဖော်ထုတ်ဖမ်းဆီး

ပဲခူး  ၃၀  မေ

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ မေလအတွင်း ဖြစ်ပွားခဲ့သော လုယက်မူကျူးလွန်နေသူအား ဖမ်းဆီးရာမှ အခြားပြစ်မူကျူးလွန်သူ ၄ ဦးနှင့်  အလားတူ လုယက်မူကျူးလွန်ထားသူများအား ရဲတပ်ဖွဲ့ဝင်များမှ မေ ၃၀ ရက်နေ့က သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်၊

 

မေလ ၂၅ ရက်နေ့က ပဲခူးမြို့၊ ဇိုင်း/မြောက် ရပ်ကွက်ရှိ ဒံပေါက်ဆိုင်အနီးတွင် ပဲခူးမြို့မဈေးကြီးမှ ဈေးဝယ်ပြန်လာသူလင်မယားနှစ်ဦးအား နောက်မှဆိုင်ကယ်စီးမောင်းလာသော အမျိုးသား(၂)ဦးမှ ဆိုင်ကယ်အား ပွတ်တိုက်ရန်ပြင်ကာ အမျိုးသမီး လက်ထဲမှ ကိုင်ဆောင်ထားသည့် ခေါက်ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားခဲ့သည်။

 

ယင်းသို့ လုယူ၍ ထွက်ပြေးချိန်တွင် အဆိုပါ အမျိုးသား (၂)ဦး၏ ဆိုင်ကယ်သည် ဇိုင်း/မြောက်ရပ်ကွက် ဘူတာရှေ့အရောက် ကားအား ကျော်တက်စဉ် လဲကျသွားခဲ့ပြီး ပိုက်ဆံအိတ်နှင့် ဖုန်းများမှာ လွင့်ကျသွားရာ အဆိုပါ အမျိုးသား (၂)ဦးအနက် (၁)ဦးမှာ ဖုန်းအား ကောက်ယူ ထွက်ပြေးသွားခဲ့သဖြင့် ပဲခူးမြို့ အမှတ် (၂)နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။

 

အဆိုပါအမှုမှ ပြစ်မှုကျူးလွန်သူ အောင်ခန့်အား အမှတ်(၂)နယ်မြေစခန်းမှ စခန်းမှူးရဲအုပ်ရဲထွဋ်ကိုနှင့် အဖွဲ့သည်ပြည်သူများနှင့်အတူ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ပြီး အောင်ခန့် ကို အသေးစိတ် စစ်ဆေးရာ လုယက်မှု ကျူးလွန်ရာတွင် ကွာစိ(ခ)ဖြိုးကျော်သိန်းသည် အခင်းဖြစ်ပြီး ဖုန်း(၁)လုံးအား ကောက်ယူထွက်ပြေးသွားခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်ခန့်နှင့် ကွာစိ(ခ)ဖြိုးကျော်သိန်းတို့အား ဖမ်းဆီးရမိပြီး အသေးစိတ် စစ်ဆေးရာ အလားတူ အခြားလုယက်မှု ကျူးလွန်ရာတွင် ကုလား(ခ)စစ်မှန်၊ သန်းဌေးအောင်(ခ) အောင်အောင် (ခ)ငကြောက် နှင့် အသက် (၁၄)နှစ်ခန့်ရှိ အမျိုးသား (၁)ဦးတို့ ပါဝင်ကြောင်း သိရှိရသဖြင့် ၎င်းတို့ (၄)ဦးအား အမှုဖြင့် ထပ်မံရှာဖွေ ဖမ်းဆီးခဲ့ပြီး စစ်ဆေးခဲ့ရာ အမှတ်(၂)နယ်မြေရဲစခန်းအပိုင်နှင့် အမှတ်(၃)နယ်မြေရဲစခန်းအပိုင်တို့တွင် လုယက်မှု ကျူးလွန်ထားသည်များကို သက်သေခံပစ္စည်းများနှင့်အတူ ဖေါ်ထုတ်နိုင်ခဲ့သည်။ သို့ပါ၍ အဆိုပါပြစ်မှု ကျူးလွန်သူများအား တရားစွဲဆိုနိင်ရေးအတွက် ပဲခူးမြို့ အမှတ် ၂ နယ်မြေရဲစခန်းက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ဇော်ရှင်း(ဥဿာ)