ပဲခူးမြို့ (၁၀) မိုင်ကုန်း ဓမ္မဒူတ ဗုဒ္ဓတက္ကသိုလ်ဆရာတော်နှင့် တပည့်များမှ ကိုဗစ်ဆေး ဝယ်ယူရေးအတွက် အလှူငွေလှူဒါန်း

ပဲခူး၊ ၂၃  ဇန်နဝါရီ

 

ပဲခူးမြို့ (၁၀)မိုင်ကုန်း ဓမ္မဒူတတောရသာသနာ့ရိပ်သာနှင့် ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်‌ကျောင်းတိုက်တွင် ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်  ၁၁ နာရီက နိုင်ငံတော်၏ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးဝယ်ယူရေး အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး (၁၀) မိုင်ကုန်း ဓမ္မဒူတ တောရသာသနာ့ရိပ်သာနှင့် ဓမ္မဒူတ ဗုဒ္ဓတက္ကသိုလ်‌ကျောင်းတိုက်ဆရာ‌တော် ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရာဘိဝံသက ဩဝါဒကထာမြွက်ကြားသည်။

 

ထို့နောက် ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရာဘိဝံသနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ ကိုယ်စား တပည့်ဒါယကာတစ်ဦးက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ နိုင်ငံတော်၏ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးဝယ်ယူရေးအတွက် အလှူငွေကျပ် (၂၃၁) သိန်းအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေတို့က အလှူငွေကျပ် (၅) သိန်းနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးသိန်းက (၁၀) မိုင်ကုန်း ဓမ္မဒူတတောရသာသနာ့ရိပ်သာနှင့် ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်‌ကျောင်းတိုက်၏ သာသနာ့မြေ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ပုံစံ၁၅ (က) နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကိုလည်းကောင်း ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ် (၁၀) မိုင် ဘက်စုံစိုက်ပျိုး မွေးမြူရေး စခန်းအနီးရှိ မြေလွတ်မြေရိုင်းဧက ၂၀၀ ခန့်တွင် Bago Yoma Amusement Park အကောင်အထည်ဖော်မည့် မြေနေရာနှင့် စစ်ပင်ဆိပ်ကျေးရွာအနီး စစ်ပင်ဆိပ်နွေ စပါးချောင်းပိတ်တမံနှင့် ရေတံခါး တည်ဆောက်မည့်နေရာ၊ အောက်ကမ္ဘာကျေးရွာအနီးရှိ မြေလွတ်မြေရိုင်း လျှောက်ထားမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)