ပဲခူးမြစ် ကမ်းပတ်တာ စီမံကိန်းဆောင်ရာတွင် ပါဝင်ခဲ့သော လယ်ယာမြေများအတွက် မြေယာနစ်နာကြေးပေးအပ်ပွဲ ကျင်းပ

ရန်ကုန်  ၂၃   စက်တင်ဘာ 

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၌ ၂၀ဝ၅- ၂၀ဝ၆ ခုနှစ်တွင် ပဲခူးမြစ် ကမ်းပတ်တာ စီမံကိန်းဆောင်ရာတွင် ပါဝင်ခဲ့သော လယ်ယာမြေများအတွက် ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ဆည်မြောင်းဦးစီးဌာနမှ တောင်သူများအား မြေယာနစ်နာကြေးပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

မြေယာနစ်နာကြေးပေးအပ်ပွဲတွင် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း တို့က ပဲခူးမြစ် ကမ်းပတ်တာ စီမံကိန်းတွင် ပါဝင်သွားသော လယ်မြေများအတွက်   မြေယာနစ်နာကြေးများ ပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့် တာဝန်ရှိသူများက တောင်သူများအား မြေယာလျော်ကြေးများ ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ ကမ်းပတ်တာ စီမံကိန်းတွင် ပါဝင်သွားသော ဒေးဇတ်ကျေးရွာမှ တောင်သူ ၃၇ ဦးတို့၏ လယ်မြေ ၂၄ ဒသမ ၂၈ ဧက နှင့် ဖားကူးအနောက်ကျေးရွာမှ တောင်သူ ၁၀ ဦးတို့၏ လယ်မြေ ၇ ဒသမ ၆၃ ဧက အတွက် တစ်ဧကလျှင်ငွေကျပ် ၅၀ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်  ၁၅၉၅ သိန်း ၅ သောင်း အား မြေယာနစ်နာကြေးအဖြစ် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)