ပျားရည်ဈေးကောင်းရရှိနေခြင်းကြောင့် ပျားရှာဖွေသူများ ဝင်ငွေကောင်းရရှိနေ

ညောင်ဦး  ၅  နိုဝင်ဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့၊ ငါ့သရောက်မြို့အတွင်းရှိ ပျားရှာဖွေသူများ ပျားရည်ဈေးကောင်း ရရှိနေသောကြောင့် မိသားစု ဝင်ငွေ တွက်ခြေကိုက်လျက် ရှိကြောင်း ပျားရှာဖွေ၍ ပျားရည်ရောင်းချနေသူများက ပြောပြ၍ သိရသည်။

 

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဂွေကုန်းကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကန်ပေါက်ကျေးရွာ၊ ခွေးတောက်ပင်ကျေးရွာ၊  တောင်နောက်ကျေးရွာ၊ ညောင်ဦးမြို့နယ် သူကောင်းတည်ကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ အောက်ညဉ့်ကျေးရွာ၊ ပုလင်းအနောက်ကျေးရွာ၊ ပုလင်းအရှေ့ကျေးရွာ၊ တောင်ဖက်တန်းကျေးရွာနှင့် ငါ့သရောက်မြို့ အောင်သာကျေးရွာ၊ ကန်သာယာကျေးရွာ၊ ဆင်သားမွေကျေးရွာတို့သည် တစ်နှစ်ပတ်လုံး ပျားအုံရှာဖွေကာ ပျာရည်ထုတ်ယူ ရောင်းချခြင်းများဖြင့် မိသားစုစားဝတ်နေရေး ဖြေရှင်းပြေလည်နေကြကြောင်း ပျားရှာဖွေလုပ်ကိုင် နေသည့် ဦးမောင်မြင့်က ရှင်းပြသည်။

 

ပျားရှာ ဖွေသူများသည် ပျားနားဋောင်း၊ ပျားကြီးအုံ၊ ပစ်သုန်းပျား၊ ပရင်း(ယင်း)ပျားအုံများရှာဖွေကာ ရောင်းချနေကြောင်း၊ ပျားနားဋောင်းအုံသည် အငယ်စားပျားအုံ အမျိုးအစားဖြစ်ကာ၊ ပစ်သုန်းပျားသည် အခေါင်းရှိသော သစ်ပင်များတွင် အသိုက်အအုံဖွဲ့နေကြပြီး၊ ပရင်း(ယင်း) ပျားသည် သစ်ပင်အခေါင်းကျယ်နှင့် မြေတွင်းကျယ်များအတွင်း အုံဖွဲ့နေကြကြောင်း သိရသည်။ ပျားနားဋောင်းအုံသည် ပျားရည်အနည်းငယ်သာပါရှိပြီး ပျားကြီးအုံတစ်အုံရလျှင် ပျားရည် ၂၅ ကျပ်သားမှ ၅၀ ကျပ်သားထိပါရှိကြောင်း သိရသည်။

 

ပရင်း(ယင်း)ပျားအုံတွေ့လျှင် ပျားလုပ်သားတို့ပျော်ကြပြီး ပျားသလက်အနည်းဆုံး ငါးချပ်မှ ပျားသလက် ၁၅ ချပ်ထိပါရှိကြောင်း၊ အထပ်လိုက်အုံဖွဲ့နေသော ပျားမျိုး ဖြစ်သည့်အတွက် ပျားရည်အလွန် ကြည်လင်ကာ ပရင်း(ယင်း)ပျားရည်ရလျှင် ပျားရှာဖွေ သူတို့ပျော်ကြကြောင်း၊ ပျားရည် တစ်ပိဿာမှ ငါးပိဿာထိ ပါရှိတတ်ကြောင်း ကျောက်ပန်း တောင်းမြို့နယ် ဂွေကုန်းကျေးရွာ ပျားရှာဖွေသူ ဦးမောင်ဇော်က ရှင်းပြသည်။

 

ပျားအုံမှရရှိသည့် ပျားရည်နှင့်အတူ ပျားချီးသည် လည်ဆေးဖက်ဝင်ကာ အမျိုးသမီးများ သွေးဆုံးနာ ဖြစ်လျှင် ပျားချီးစားပေးခြင်းဖြင့် ဆေးဖြစ်သုံးပြု စားပေးသုံးပြုကြကြောင်း၊ ပျားရည်တစ်ပိဿာ ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ် ရောင်းချနေရကာ တစ်ရက်လျှင် ပျားရှာဖွေသူများ တစ်ပိဿာမှ လေးပိဿာထိ ရှာဖွေရောင်းချရခြင်းကြောင့် ပျားအုံရှာဖွေပျားရည်ရောင်းချသူများ မိသားစုစီးပွားရေး ဝင်ငွေကောင်း နေကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

 3.jpg