ONE ON PRIME VIDEO 6 ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ဖန်ရောင် ထိုးသတ်မည်

ရန်ကုန် ဒီဇင်ဘာ ၁၂

 

ထိုင်းနိုင်ငံ၌ ကျင်းပမည့် ONE ON PRIME VIDEO  6 ပြိုင်ပွဲတွင် မြန်မာ MMA ဖိုက်တာ  အောင်လအန်ဆန်၏တွဲဆိုင်း ပါဝင်လာမည်ဖြစ်ပြီး တရုတ်နိုင်ငံသား ဖန်ရောင်နှင့် ယှဉ်ပြိုင်ထိုးသတ် ရမည်ဖြစ်သည်။ ONE Champi-onship အဖွဲ့အစည်းသည် ယင်းပြိုင်ပွဲကို အမေရိက ပရိသတ်များအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သောကြောင့် ဇန်နဝါရီ  ၁၃ ရက်ညပိုင်းတွင် ကြည့်ရှုနိုင်ရန် မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပသွားမည်ဖြစ်သည်။

 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း  စိန်ခေါ်ပွဲထိုးသတ်ရမည်ဖြစ်ပြီး တရုတ်နိုင်ငံသား ဖန်ရောင်နှင့် ထိုးသတ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည်  နိုဝင်ဘာ ၁၉ ရက်ကမှ ဂျပန်နိုင်ငံသား အိုကာမီနှင့် ထိုးသတ်အပြီး  နှစ်လမပြည့်မီမှာပင် နောက်ထပ်စိန်ခေါ်ပွဲ ထိုးသတ်ရခြင်းဖြစ်သည်။   

 

အောင်လန်အန်ဆန်သည် နောက်ဆုံးထိုးသတ်ခဲ့သည့် အိုကာမီနှင့် ပွဲတွင် ပထမအချီမှာပင် အနိုင်ရထားသည်။ ONE  မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပြန်လည်ရယူနိုင်ရန် ပစ်မှတ်ထားနေသည့် အောင်လအန်ဆန်သည် ယခုစိန်ခေါ်ပွဲအနိုင်ရပါက ကမ္ဘာ့ချန်ပီယံဆု ပြန်လည်စိန်ခေါ်ခွင့်ရရန်  အခွင့်အရေးပိုနီးစပ်လာ ဖွယ်ရှိနေသည်။ 

 

အောင်လအန်ဆန်နှင့် ထိုးသတ်မည့် ဖန်ရောင်မှာမူ ၂၀၁၉ ခုနှစ်ကမှ   ONE Championship နှင့် လက်တွဲခဲ့ခြင်းဖြစ်ပြီး လေးပွဲထိုးသတ်ထားရာ  နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။ ရှုံးနိမ့်ထားသည့်နှစ်ပွဲမှာ အောင်လအန်ဆန်နှင့် ထိုးသတ်ဖူးသည့် ဒီရစ်ဒါ  (နယ်သာလန်)နှင့် ဘစ်ဒက်ရှ် (ရုရှား)တို့ဖြစ်ကြောင်း  သိရသည်။ ဖန်ရောင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင်  နောက်ဆုံးထိုးသတ်ထားပြီး ၂၀၂၂ ခုနှစ်အတွင်း ပွဲထိုးထားခြင်းမရှိပေ။

 

ONE ON PRIME VIDEO 6 ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် ကစ်ဘောင်ဆင် ကမ္ဘာ့ချန်ပီယံလုပွဲများ ကျင်းပမည်ဖြစ်ပြီး လတ်တလော ထုတ်ပြန်ထားမှုအရ တွဲဆိုင်းခုနစ်ပွဲပါဝင်မည်ဖြစ်ကာ ထပ်တိုးလာဖွယ်ရှိနေသည်။   

 

ရဲရင့်လွင် ၊ ဓာတ်ပုံ - ONE