ဩစတြေးလျနိုင်ငံသားတိုင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အခမဲ့ရရှိမယ်လို့ ဝန်ကြီးချုပ်ပြောကြား

၁၉ ဩဂုတ်

 

ဩစတြေးလျနိုင်ငံသားတိုင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး အခမဲ့ရရှိမယ်လို့ ဝန်ကြီးချုပ်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ဆေးဝါးထုတ်လုပ်ရေး ဆေးကုမ္ပဏီ AstraZeneca နဲ့ အောက်စဖို့ဒ်တက္ကသိုလ်တို့ကနေ ထုတ်လုပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးကို ဩစတြေးလျနိုင်ငံလည်း ရရှိမယ်လို့ သဘောတူပြီးနောက် ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ကာကွယ်ဆေးသာ အောင်မြင်ခဲ့မယ်ဆိုရင် ဩစတြေးလျနိုင်ငံသား ၂၅ သန်းအတွက် အခမဲ့ ပေးသွားမယ်လို့ ဝန်ကြီးချုပ် မော်ရစ်ဆင်က ပြောပါတယ်။

 

အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးဟာ ကမ္ဘာ့ပထမပြေးနေတဲ့ ဆေးထုတ်လုပ်ရေးလုပ်ငန်း ငါးခုထဲမှာ တစ်ခုအပါဝင်ဖြစ်ပြီး ကာကွယ်ဆေးစမ်းသပ်နေတာ နောက်ဆုံးအဆင့် (တတိယအဆင့်) ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒီစမ်းသပ်မှုရဲ့ နောက်ဆုံးရလဒ်ကို အခုနှစ်ကုန်ပိုင်းမှာ မြင်တွေ့ရမယ်လို့ သုတေသန ပညာရှင်တွေက မျှော်လင့်နေပါတယ်။

 

ဩစတြေးလျနိုင်ငံဟာ အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Becton Dickinson ကနေ ဩစတြေးလျ ဒေါ်လာ ၂၅ သန်းဖိုး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးဆေး အလုံး ၁၀၀ သန်း ဝယ်ယူရေးကိုလည်း သဘောတူထားပြီး ဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ စမ်းသပ်ထုတ်လုပ်နေတဲ့အဆင့်မှာ ရှိနေပေမယ့် ကမ္ဘာတစ်ဝန်းမှာ ကာကွယ်ဆေးကြိုမှာထားတဲ့ အရေအတွက်ဟာ အနည်းဆုံး ၅ ဒသမ ၇ ဘီလီယံအထိရှိကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိပ်တန်းက ပြေးနေတဲ့ လုပ်ငန်းငါးခုထဲမှာ အနောက်နိုင်ငံက သုံးခုနဲ့ တရုတ်နိုင်ငံက နှစ်ခုတို့ဟာ ကာကွယ်ဆေးကို လူတွေအပေါ်မှာ စမ်းသပ်နေပြီ ဖြစ်ပါတယ်။

 

ဆေးကုမ္ပဏီ AstraZeneca ဟာ အမေရိကန်၊ ဉရောပနဲ့ ဘရာဇီးနိုင်ငံတွေကိုလည်း ကာကွယ်ဆေးပေးဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။

 

ဩစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူစက်ခံရသူ ၂၄,၀၀၀ ဦးနီးပါးရှိပြီး သေဆုံးသူ ၄၅၀ ဦးရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုကား- AFP