ဩစတြေးလျနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်လာသဖြင့် ကန့်သတ်ချက်များ ပြန်လည်ချမှတ်

ဒီဇင်ဘာ ၁၇

 

ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်တွင် နယ်စပ်ဒေသများပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများနှင့်ရုန်းကန်နေရသဖြင့် အာဏာပိုင်များက ထိုပြည်နယ်တစ်ဝန်းတွင် ကန့်သတ်ချက်များ ပြန်လည်ချမှတ်ခဲ့သည်။ 

 

ကွင်းစလန်ကျန်းမာရေးအာဏာပိုင်များက ပြည်နယ်အတွင်း ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၂၀ ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် လေးဦးသည် ပြည်ပမှပြန်ရောက်လာသူများဖြစ်ကြောင်း ဖော်ပြထားသည်။ ကိုးဦးသည် လူအုပ်စုကူးစက်မှုဖြစ်ပြီး ခုနစ်ဦးသည် ပြည်နယ်အချင်းချင်း ကူးစက်မှုဖြစ်သည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှု လက်ရှိဖြစ်ပွားရာဗဟိုချက်ဖြစ်သော နယူးဆောက်ဝေးနှင့် ဗစ်တိုးရီးယားပြည်နယ်တို့မှခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က နိုင်ငံတကာခရီးသွားများအတွက် နယ်စပ်ဒေသများဖွင့်လှစ်ခဲ့ပြီးနောက် ထိုကန့်သတ်ချက်အစီအမံများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 

နယူးဆောက်ဝေးပြည်နယ်တွင် ယနေ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၁၃ ဦးထပ်မံတွေ့ရှိပြီး တစ်ဦးသေဆုံးကြောင်း ဖော်ပြထားသည်။ ၂၀၂၀ ခုနှစ်အစောပိုင်းက နိုင်ငံအတွင်း ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်ကူးစက်ဖြစ်ပွားတွင် အမြင့်မားဆုံးဖြစ်သည်။

 

ဗစ်တိုးရီးယားပြည်နယ်တွင် ကိုဗစ်ထပ်မံကူးစက်ဖြစ်ပွားသူ ၁၅၁၀ ရှိပြီး ခုနစ်ဦး သေဆုံးသည်။

 

ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမခံယူရသေးသူများအား  မိုးလုံလေလုံအခန်းများ၊ ဖျော်ဖြေပွဲများနှင့် သက်ကြီးဂေဟာများသို့လည်း သွားလာခွင့်ပြုမည်မဟုတ်ပေ။

 

ကွင်းစလန်ပြည်နယ်ခေါင်းဆောင် အန်နတ်စီရာ ပလာဇတ်က စနေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှစတင်ကာ ပြည်နယ်တစ်ဝန်းရှိ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ လေဆိပ်များနှင့်လေယာဉ်များ၊ ဈေးဆိုင်များနှင့်လက်လီအရောင်းဆိုင်များ၊ ဆေးရုံများနှင့် သက်ကြီးဂေဟာတို့တွင် ပါးစပ်၊ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆပ်ရမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို