နယူးယောက်မြို့တွင် နှစ်ပတ်ကြာ ပိတ်ထားသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

၈ ဒီဇင်ဘာ

 

 

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် နှစ်ပတ်ကြာ ပိတ်ထားခဲ့သည့် ကျောင်းများကို ယမန်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

 

အစိုးရကျောင်းများကို နိုဝင်ဘာလ ၁၉ရက်နေ့မှစပြီး မြို့တော်က ပိတ်ထားခဲ့ပြီးနောက် အွန်လိုင်းမှ တစ်ဆင့် သင်ကြားမှုများ ပြုလုပ်ခဲ့သည်။ 

 

 

မြို့နယ်အနှံ့အပြားရှိ အစိုးရ မူကြိုကျောင်းများနှင့် မူလတန်းကျောင်းများကို ယမန်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

 

မူလတန်းကျောင်း တစ်ကျောင်းတွင် ကလေးငယ်များအား ကျောင်းတွင်းသို့ မဝင်မီ ကိုယ်အပူချိန် တိုင်းတာခြင်းများ ပြုလုပ်စေခဲ့သည်။

 

 

ကလေးငယ်များ အနေဖြင့် အွန်လိုင်းမှ စာသင်ကြားနိုင်သော်လည်း စာသင်ခန်းတွင် သင်ကြားခြင်းထက် အွန်လိုင်းမှ သင်ယူခြင်းက နှေးကွေးကြောင်း ကလေးမိခင်တစ်ဉီးမှ ပြောကြားခဲ့သည်။

 

 

အွန်လိုင်းမှ သင်ကြားမှုများသည် ကလေးငယ်များအတွက် ထိရောက်မှု မရှိသဖြင့် ယခုကဲ့သို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်မှုကို သူမအနေဖြင့် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နေ့စဉ် သုံးရာခိုင်နှုန်း အထိ တိုးလာသောအခါ ကျောင်းများကို ပိတ်ထားရန် နယူးယောက်မြို့က မူဝါက ချမှတ်ခဲ့သော်လည်း ကျောင်းသားမိဘများနှင့် အခြားသူများ တိုင်ပင်မှု ပြုလုပ်ပြီးနောက် အွန်လိုင်းမှ စာသင်ကြားခြင်းကို ကျေနပ်မှု မရှိသဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်