နယူးဇီလန်နိုင်ငံတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန် အမိန့်ထုတ်

ဝယ်လင်တန် ၂၆ ဩဂုတ်

နယူးဇီလန်နိုင်ငံတွင် ဩဂုတ် ၂၅ ရက်က ကိုဗစ် - ၁၉ နောက်ထပ်ကူးစက်ခံ ရသူ ခုနစ်ဦး ထပ်မံတွေ့ရှိခဲ့သည်။ ၎င်းတို့အားလုံးမှာ အော့ကလန်မြို့ ဒေသတွင်းကူးစက်မှု၏ နောက်ဆက်တွဲ ကူးစက်ခံရသူများဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြည်ပမှ ပြန်လာသူများတွင် ကူးစက်သူမတွေ့ရှိဟု နယူးဇီလန် ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အသစ်ကူးစက်ခံရသူ ခုနစ်ဦးတွင် လေးဦးမှာ အော့ကလန် မြို့ရှိ ချာ့ခ်ျကျောင်းနှင့် ဆက်စပ်မှုရှိသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် နယူးဇီလန်နိုင်ငံတွင် စုစုပေါင်း ကူးစက်ခံရသူအရေအတွက်မှာ ၁၃၃၉ ဦးအထိ ရှိလာခဲ့သည်။ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် သတိပေးမှု အဆင့်နှစ် သတ်မှတ်ပြီး နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရမည်ဟု ဩဂုတ် ၂၄ ရက်က ဆုံးဖြတ်ချက် ချခဲ့သည်။ ယင်းအမိန့်သည် ဩဂုတ် ၃၁ ရက် တွင် စတင် အသက်ဝင်မည် ဖြစ်သည်။

အဆိုပါ စည်းကမ်းသတ်မှတ်ချက်အရ လေယာဉ်၊ ဘတ်စ်ကားနှင့် တက္ကဆီများတွင် လိုက်ပါသည့်အခါ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်သည်။ အော့ကလန်မြို့တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်မှာ လက်ရှိ တွင် အဆင့်သုံးအဖြစ် သတ်မှတ် ထားသည်။ တိုင်းပြည်၏အခြားနေရာများတွင်မူ အဆင့်-နှစ် သတ်မှတ်ထား သည်။ အဆင့်-သုံး သတ်မှတ်ချက် အောက်တွင် စီးပွားရေးလုပ်ငန်းများသည် ကိုဗစ် - ၁၉ ကာကွယ်ရေး အစီအမံများဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။ လူအများစုမှာ နေအိမ်၌သာ နေထိုင်ရမည်ဖြစ်သည်။

အော့ကလန်မြို့တွင် ဒေသ တွင်း ကူးစက်မှု ထိန်းချုပ်နိုင်ခြင်း ရှိ မရှိ ဆုံးဖြတ်ရန် ဩဂုတ် ၂၄ ရက်က ဝန်ကြီးများ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ဆင်ဟွာ