နယူးဇီလန်နိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသွားမည်

ဝယ်လင်တန် အောက်တိုဘာ ၁၂

 

နယူးဇီလန်နိုင်ငံရှိ ဆရာ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး ဝန်ကြီး ခရစ်ဟစ်ကင်က ယနေ့ ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ရန် အခွင့်အလမ်း များပြားသောနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် မသန်စွမ်းသူများ စောင့်ရှောက်ရေးကဏ္ဍတို့၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အောက်တိုဘာ ၃၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးပြီးဖြစ်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူရမည့်သူများတွင် သမားတော်ကြီးများ၊ ဆေးဝါး ပညာရှင်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည်။ ။

 

ဆရာ ဆရာမများအပါအဝင် ပညာရေးဝန်ထမ်းများနှင့် မူလတန်းကြိုကျောင်းရှိ ဝန်ထမ်းများအား နိုဝင်ဘာ ၁၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးသွားမည် ဖြစ်သည်။

ကိုးကား-ဆင်ဟွာ ဘာသာပြန်-စိုးသူရ