နယူးဇီလန်မှာ ဗိုင်းရပ်စ်ပိုး ပြန်လည်တွေ့ရှိပြီးနောက် နယ်စပ်ဂိတ်တွေကို စစ်တပ်က တာဝန်ယူထား

၁၇ ဇွန်

 

နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ နှစ်ဦးရှိပြီးနောက် နယ်စပ်ဂိတ်တွေကို စစ်တပ်မှ တာဝန်ယူရန် ဝန်ကြီးချုပ်က ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ  အမိန့်ပေးလိုက်ပါတယ်။

 

နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကင်းစင်တာ ၂၄ ရက်ကြာပြီးနောက် အင်္ဂါနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အမျိုးသမီး နှစ်ဦးရှိလာပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အမျိုးသမီးနှစ်ဦးဟာ ဗြိတိန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါတယ်။ နိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာ အသွားအလာ ကန့်သတ်မှုအောက်တွင် ရှိခဲ့ပေမယ့် ဗိုင်းရပ်စ်ပိုး စစ်ဆေးမှု မပြုလုပ်ခင်မှာ အသွားအလာ ကန့်သတ်မှုမှ အပြင်ကို ထွက်ခွာခဲ့တာကို တွေ့ရှိရပါတယ်။ 

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှစ်ဦးဟာ ဗိုင်းရပ်စ်ပိုးစမ်းသပ်မှု မပြုလုပ်ခင်မှာ အော်ကလန်းမှ မိုင် ၄၀ဝ ကျော်ကွာတဲ့ ဝယ်လင်တန်ရှိ သေဆုံးခါနီး ဆွေမျိုးတစ်ဦးကို သွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရပါတယ်။

 

ဝန်ကြီးချုပ်က အခု ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေဟာ စောစော စစ်ဆေးခံသင့်ကြောင်း နယ်စပ်ဂိတ်တွေကို အခုထက်ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ဖို့လိုအပ်ကြောင်း ပြောပါတယ်။

 

ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရန်အတွက် သီတင်း (၇) ပတ်တိတိ တင်းကျပ်တဲ့ ပိတ်ဆို့မှု အောက်မှာ ရှိခဲ့ကြောင်း၊ ဗိုင်းရပ်စ်ပိုးတွေ့ခဲ့အပေါ် လူတွေ စိတ်ဆိုးနေတာကိုလည်း သိကြောင်း၊ နယူးဇီလန် နိုင်ငံသားတွေက ဗိုင်းရပ်စ်ပိုးကင်းစင်အောင် အထူးပေးဆပ်ခဲ့ရကြောင်း၊ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှုကိုလည်း အမြန်ဆုံး ပြန်လည်တိုက်ဖျက်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

နယ်စပ်ဂိတ်တွေမှာ သီးခြားစောင့်ကြည့်နေသူပေါင်း ၃,၅၀ဝ ခန့်ရှိပြီး အများစုကို ဟိုတယ်တွေမှာ သီးသန့် ထားရှိပြီး တခြားသူတွေနဲ့ ထိတွေ့မှုမရှိအောင် ပြုလုပ်ထားကြောင်း ကျန်းမာရေးဝန်ကြီးက ဆက်ပြောပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သူ အမျိုးသမီးနှစ်ဦးဟာ လက်ရှိ ဝယ်လင်တန် မှာ ကုသမှုခံယူနေပြီး သူတို့နဲ့ ထိစပ်ခဲ့သူ ၃၂၀ နီးပါးကိုလည်း ရောဂါပိုး စစ်ဆေး ပေးနေကြောင်း သိရပါတယ်။

 

နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁,၅၀၆ ဦးရှိပြီး သေဆုံးသူ ၂၂ ဦး ရှိတယ်လို့ ဇွန် ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP